ယခုအချိန်မှာဆိုရင်တော့ ပြည်သူလူထုကလည်း အားနည်းသူကိုဖေးမပြီး အချင်းချင်းရိုင်းပင်းကူညီပေးနေကြတာဖြစ်ပါတယ်။အခုလိုကပ်ဆိုက်နေတဲ့ကာလမှာ ပြည်သူတိုင်းနီးပါးက အဆင်မပြေဖြစ်နေကြပေမယ့် မိမိတို့ထက်ပိုခက်ခဲနေကြတဲ့သူတွေကို ကိုယ်ချင်းစာပြီးအားပေးစကားလေးတွေနဲ့ နှစ်သိမ့်ပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း လူငယ်တစ်ယောက်က သူငယ်ချင်းတွေနဲ့အတူ အအေးဆိုင်ထိုင်နေချိန်မှာ ကလေးလေးတစ်ယောက်ရောက်လာကာ”အိမ်အတွက်ဆန်ဝယ်ချင်လို့ ကိုကြီးအမှိုက်ပစ်ဦးမလား”ဆိုပြီး မေးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလူငယ်လေးကလည်း ကိုယ်ချင်းစာတရားအပြည့်နဲ့ ကလေးလေးကို သူတို့နဲ့အတူ ထိုင်ခိုင်းပြီး မိုင်လိုတစ်ခွက်မှာပေးကာ မိသားစုအကြောင်းတွေကို မေးလိုက်တာဖြစ်ပါတယ်။ကလေးလေးရဲ့အဖေနဲ့အမေကတော့ ချောင်းထဲကနေ ဘူးခွံပုလင်းတွေကောက်ပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတယ်လို့ သိရပါတယ်။”ဒီနေ့ ဘူးခွံကောက်တာမရလို့ သားက အိမ်အတွက်ဆန်ဝယ်ပေးမလို့ အမှိုက်လိုက်သွန်ပေးဖို့ထွက်လာတာ”ဆိုပြီး ကလေးလေးက အဲ့ဒီလူငယ်လေးကို ပြောပြနေတာဖြစ်ပါတယ်။
ကလေးလေးစီးလာတဲ့စက်ဘီးကလည်း ဘီးပေါက်နေတဲ့အပြင် ချိန်းကြိုးကပါပြတ်နေတာကြောင့် စေတနာရှင်လူငယ်လေးကတော့ စက်ဘီးပြင်ဆိုင်ကိုသွားပြီး ဘီးဖာပေးကာ ချိန်းကြိုးပြန်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ လူငယ်လေးက ကလေးလေးမိသားစုအတွက် ဆန်တစ်ပြည်၊ဆီတစ်ဘူး၊ကြက်ဥဆယ်လုံးတို့ကိုဝယ်ပေးပြီး မုန့်ဖိုးတစ်ထောင်ပါပေးလိုက်တာ ဖြစ်ပါတယ်။ဆိုင်ရှင်ကလည်း လူငယ်လေးတွေလှူနေမှန်းသိတော့စျေးလျော့ပေးပြီး တစ်တပ်တစ်အားကူညီပေးလိုက်တာဖြစ်ပါတယ်။အသက်အရွယ်နဲ့မလိုက်အောင် လောကဓံကိုခံနေရတဲ့ ကလေးငယ်လေးကို တတ်နိုင်သလောက်ကူညီပေးခဲ့ကြတဲ့ လူငယ်လေးတွေရဲ့စိတ်ဓာတ်ကို လေးစားမိလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder