စာအုပ်စာပေဟာ လူတွေအတွက်တကယ်ကိုမိတ်ဆွေကောင်းပါပဲ။ စာဖတ်များရင် အသိဉာဏ် ဗဟုသုတတွေတိုးပွားပြီး ကိုယ်မသိသေးတဲ့အရာတွေအများကြီးကိုလည်း စာအုပ်တွေထဲကနေ လေ့လာနိုင်ပါတယ်။ မြို့ပေါ်ကလူတော်တော်များများဟာ ကိုယ်သိချင်တာတစ်ခုကို အင်တာနက်ကနေ အလွယ်တကူရှာလို့ရနိုင်ပေမယ့် မဖွံ့ဖြိုးသေးတဲ့တောရွာက လူတွေအတွက်တော့ ဖုန်းလိုင်းတောင်မိဖို့ အနိုင်နိုင်ဖြစ်နေရတဲ့အခြေအနေပါ။ ဒီလိုအရာတွေကို ဖြေရှင်းပေးဖို့အတွက် ပရဟိတအလုပ်တွေကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ကိုစိုင်းဟာ ကျေးရွာက ကလေးငယ်တွေစာဖတ်နိုင်ဖို့အတွက် ရွေ့လျားစာကြည့်တိုက်လေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်။
ကားတစ်စီးနဲ့မြန်မာတစ်နိုင်ငံလုံးပတ်သွားခဲ့ပြီး ကားပေါ်မှာ ဖတ်စာအုပ်တွေ ပန်းချီဆွဲစာအုပ်တွေအပြင် ဆေးရောင်စုံတွေနဲ့ မုန့်တွေကိုပါ သယ်ဆောင်လာခဲ့ပါတယ်။ အနာဂတ်ကလေးငယ်တွေကို စာဖတ်တတ်တဲ့အလေ့အကျင့်ကောင်းလေးတစ်ခုဖြစ်အောင် အခုလိုလုပ်တဲ့အကြောင်းလည်း ပြောခဲ့ပါသေးတယ်။ ကလေးတွေကိုလည်း လူ့စွမ်းအားအရင်းအမြစ်ရဲ့ အဖိုးတန်လေးတွေဖြစ်အောင် ပျိုးထောင်သွားမယ်လို့လည်း ဆိုပါတယ်။
စာအုပ်တွေနဲ့ မုန့်တွေသယ်ဆောင်လာတဲ့ကားနားမှာ ကလေးတွေဟာပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ဝင်တစား ကြည့်နေကြတဲ့ပုံရိပ်လေးတွေဟာ တကယ်ကြည်နူးစရာပါ။ ငယ်စဉ်ကတည်းက ကောင်းမွန်တဲ့ အလေ့အကျင့်တွေနဲ့ နေသားကျလာတဲ့ကလေးငယ်တွေဟာ အသက်အရွယ်ရလာတဲ့အချိန်မှာလည်း လူကောင်းလူမွန်အဖြစ်နဲ့ ကြီးပျင်းလာမှာပါ။ ကလေးဆိုတာ လိုသလိုပုံသွင်းလို့ရတဲ့အရွယ်လေးတွေမို့ သူတို့ရှေ့မှာ အမူအကျင့်ကောင်းတွေပြသပြီး ကောင်းမွန်တဲ့အလေ့အထတွေကို အတုယူနိုင်ဖို့ သင်ကြားပေးသင့်ပါတယ်။
သတင်း အရင်းအမြစ်៖ Sai Lukhay's FB Acc