ခုလတ်တလော ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ကိုဗစ်ရောဂါတွေနဲ့ ပတ်သက်ပြီး အစစ အရာရာ ထိပ်ဆုံးကနေ ကူညီဆောင်ရွက်ပေးနေသူတွေကတော့ ပရဟိတ အသင်းသားတွေပဲ ဖြစ်ပါတယ် ။ ပရဟိတအလုပ်ဆိုတာ ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်ရတဲ့ အလုပ်မို့ တော်ရုံ လူတိုင်းမလုပ်နိုင်ပါဘူး ။ ခုလို ကိုဗစ်ရောဂါကူးစက်မှုတွေ များနေချိန်ဆို ပိုတောင်ဆိုးပါတယ် ။
သူတို့ကိုယ်တိုင် ကူးစက်ခံရမှာကို မစိုးရိမ်ဘဲ အရာရာအစွမ်းကုန်ကူညီပေးနေကြတာပါ ။ မီးသင်္ဂြိုဟ်တဲ့ နေရာတွေဆိုရင်လည်း သေဆုံးသူတွေများလို့ ထမင်းတောင် သုသာန်မှာပဲ အဆင်ပြေသလို စားပြီး နေ့ရော ညရော အလောင်းတွေ အကုန် မီးသင်္ဂြိုဟ်ပြီးသည်အထိ ပင်ပင်ပန်းပန်း စောင့်ဆိုင်းပေးနေကြတာကို စိတ်မကောင်းစွာ တွေ့ရပါတယ် ။
ဒီလို ကိုဗစ်လူနာတွေကို နေ့မအား ၊ ညမအား ကူညီလုပ်ကိုင်ပေးနေတာကြောင့် အရမ်းပင်ပန်းလာလို့ မြေကြီးပေါ်မှာပဲ ခြေပစ်လက်ပစ် အိပ်ကာ အနားယူနေကြတဲ့ ပရဟိတ အသင်းသားတွေရဲ့ ပုံရိပ်တွေကလည်း ပြည်သူတွေရဲ့ ရင်ကို ထိမှန်စေခဲ့ပါတယ် ။ ပြည်သူအတွက်ဆို မမောဘူးဆိုတဲ့ သူတို့လေးတွေလည်း ကိုဗစ်လူနာတွေ၊ သေဆုံးသူတွေကို လိုက်ကူပေးရင်း ခုဆို ကူးစက်ခံထားရသူတွေတောင် ရှိနေတယ်လို့ သိရပါတယ် ။ ကိုဗစ်ကူးစက်ခံထားရတဲ့ ပရဟိတ အသင်းသားတွေလည်း အမြန်သက်သာပျောက်ကင်းပါစေ ဆုတောင်းပေးရင်း ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။