တစ်ရက်ထက်တစ်ရက် အရှိန်အဟုန်ကောင်းနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးကတော့ ဒီနေ့အထိ အသက်ဝင်နေဆဲပါ။မြန်မာနိုင်ငံ နေရာအနှံအပြားမှာ နေထိုင်ကြတဲ့ လူငယ်တွေကလည်း ကိုယ့်တိုင်းပြည်အတွက် တစ်ရက်လေးမှမနားဘဲ ပုံသဏ္ဌာန်မျိုးစုံနဲ့ Strike တွေကို လှုပ်ရှားနေကြဆဲပါ။လမ်းမပေါ်ထွက်ကာ လှုပ်ရှားနိုင်သူတွေကလည်း ဖြိုခွင်းမှုတွေကြားကနေပဲ ပြောက်ကျားသပိတ်တွေကိုလှုပ်ရှားနေကြတာပါ။
ဒီလိုလှုပ်ရှားကြရာမှာလည်း တစ်ချို့နေရာတွေမှာဆိုရင် လူစု ဖြိုခွင်းခံရတာတွေလည်း ကြုံတွေ့ခဲ့တယ်လို့လည်း သိရပါတယ်။ လူငယ်တွေကတေ့ာ ဘယ်လိုအခက်အခဲတွေပဲ ကြုံတွေ့နေရပါစေ ဒီနေ့ထိ ဇွဲမလျော့ဘဲ ပန်းတိုင်ကို ရောက်ဖို့ ကြိုးစားနေကြဆဲပါ။ဒါ့အပြင် လမ်းမပေါ်ရောက်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် သွေးမတော်သားမစပ်ကြပေမယ့်လည်း တူညီတဲ့ ယုံကြည်ချက်တွေကြောင့် စည်းလုံးညီညွတ်နေကြတဲ့ မြင်ကွင်းတွေကလည်း တကယ်ကို လေးစားမိတာအမှန်ပါပဲ ။
ရန်ကုန်မှာဆိုရင်လည်း နေ့စဉ်တိုင်းလိုလို မြို့နယ်အသီးသီးက လူငယ်တွေဟာ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ကြသလို တစ်ချို့ကလည်း မိမိတို့ပတ်ဝန်းကျင်မှာပဲ strike လုပ်နိုင်မယ့်နည်းတွေကို စဉ်းစားကာ လှုပ်ရှားလျက်ရှိပါတယ်။မေလ (၉) ရက်နေ့ မှာလည်း အလုံမြို့နယ်က လူငယ်လေးတွေ စုပေါင်းပြီး မိမိတို့ရင်ထဲက ခံစားချက်တွေကို စာရွက်ပေါ်မှာ ချရေးကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ပရိသတ်ကြီးအတွက် အလုံမြို့နယ်က လူငယ်လေးတွေရဲ့ သပိတ်ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။