မြန်မာနိုင်ငံရဲ့ တိုင်ရင်းသားလူမျိုးစုံပါဝင်နေတဲ့ လူထုလှုပ်ရှားမှုတွေကတော့ မရပ်နားသွားသေးပဲ ဒီနေ့ထိ အသက်ဝင်နေဆဲဖြစ်ပါတယ်။ဒီလိုလှုပ်ရှားမှုတွေပြုလုပ်ရင်း အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေလည်း ဒီနေ့ဒီချိန်ထိများစွာ ရှိနေခဲ့ပြီး ပြည်သူတွေအားလုံးကလည်း ဒီလိုသတ္တိရှိစွာရင်ဆိုင်ခဲ့ကြတဲ့ ကျဆုံးသူရဲကောင်းတွေကို အမြဲလေးစားနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် သူရဲကောင်းတွေ ကျဆုံးသွားခဲ့တဲ့ နေရာတွေမှာပန်းစည်းများချကာ ဆုတောင်းဂုဏ်ပြုပေးကြသလို ညဘက်တွေမှာလည်း ဖယောင်းတိုင်မီးများ ထွန်းကာဝမ်းနည်းကြောင်းဖော်ပြခဲ့ကြတာကိုလည်းတွေ့ရပါတယ်။သင်္ကြန်ပွဲတော်ရက်မှာဆိုရင်လည်း မည်သူမျှရေဆော့ကစားခြင်းမပြုဘဲ မြို့နယ်အသီးသီးရဲ့ နေရာတိုင်းမှာ တိတ်ဆိတ်ခြောက်ကပ်ခဲ့တာကိုလည်းတွေ့ရပါတယ်။
ဒီနေ့မှာလည်း ဖြူးကလူငယ်တွေ စုပေါင်းပြီး ပညာမသင်ကြားလိုရေး သွေးမတိတ် ဆေးသပိတ်ကို သရုပ်ဖော်လှုပ်ရှားခဲ့ကြတာကိုတွေ့ရပါတယ်။ဒီသပိတ်ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ခုဆိုရင် ကျောင်းဖွင့်ရာသီကိုရောက်ရှိတော့မည်ဖြစ်တာကြောင့် လူငယ်အများစုက ဒီလိုကာလမှာ ပညာမသင်ကြားလိုကြောင်းနဲ့ တိုက်ပွဲမှာအသက်ပေးသွားကာ ကျောင်းမတတ်နိုင်တော့တဲ့ လူငယ်လေးတွေကို သနားငဲ့ညှာပြီး လှုပ်ရှားဖြစ်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။