အနုပညာလောကမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ သန္တာလှိုင်ကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။
လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်ကာ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတဲ့ သန္တာလှိုင်ကတော့ ဒလမြို့က စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာတွေ ပေးဝေလှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်..။
စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေအတွက် စားသောက်ကုန်တွေသွားရောက်လှူရင်း တော်လှန်ရေးမှာကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ စိတ်မကောင်းစရာ မိသားစုအခြေအနေတွေကိုလည်း သူမက ပြောပြလာပါတယ်..။
အားပေးစကားတွေပြောရင်း လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကိုဝေမျှထားပြီး အနာဂတ်လူငယ်တွေနဲ့ ဆုံးရှုံးမှုတွေက အင်မတန်ဝမ်းနည်းစရာကောင်းတဲ့အကြောင်းတွေကိုလည်း ယူကြုံးမရစွာပြောပြထားပါသေးတယ်..။
"ကျွန်မကို နှောက်ယှက်စရာ လုပ်ငန်းတွေလဲ ပိတ်ထားပြီး၊ သားသမီးနဲ့ မိဘအမျိုးအဆွေလဲ ဒီနိုင်ငံမှာ မရှိတော့ပဲ လူကလဲ ရှောင်ပြေးနေလို့ လှူတဲ့ပုံတွေ ရဲရဲတင်းတင်း မျှဝေရဲပေမယ့် ပုံမတင်ပဲ ဒီထက်ပိုပြီး လှူပေးနေတဲ့ အဖွဲ့တွေလဲ အများကြီးရှိကြောင်း သိစေချင်ပါတယ်။ လိုအပ်နေတဲ့လူတွေ အားမငယ်ဖို့ အဓိကထားပြီး မနေ့က ထောက်ပံ့တာ မလောက်လို့ မရလိုက်တဲ့ မိသားစုတွေက ဒီနေ့ ထမင်းချက်ဖို့ စောင့်နေပါ့မယ်ဆိုလို့ ဒုတိယအကြိမ် သွားရောက်ပံ့ပိုးမှုလေး လုပ်ခဲ့ပါတယ်။
ဒီနေ့တော့ ကျဆုံးသွားတဲ့ သူရဲကောင်း ဖိုးဓါးမနဲ့ ဦးဝင်းမြင့် အကြောင်းလည်း သိခဲ့ရတယ်။ စိတ်အားထက်သန်တဲ့ ကျောင်းသားလေး ဖိုးဓါးမက ဆယ်တန်းပဲ ရှိသေးတယ်... မိသားစုထဲမှာ အငယ်ဆုံး၊ ဖမ်းခံရတဲ့သူတွေအတွက် ပြန်လွတ်ပေးဖို့ တောင်းဆိုရင်း ကျည်ထိပြီး ကျသွားတာပါတဲ့။
သမီးနှစ်ယောက်ရဲ့ အဖေ ဦးဝင်းမြင့်ကတော့ လူငယ်လေး ဖိုးဓါးမကို ကျည်ထိတာ ကယ်ထုတ်ရင်း ကျည်ထပ်ထိခဲ့လို့ ကျဆုံးခဲ့တာပါတဲ့။ ဦးဝင်းမြင့်ရဲ့ ကျန်ရစ်သူမိသားစုတွေက ဆင်းရဲကြတော့ ခုဆို မိသားစုရဲ့ ထောက်တိုင်ပါ ပြိုလဲခဲ့ရပြီလို့ သိခဲ့ရပါတယ်။
မတ်လ ၂၇ ရက် တော်လှန်ရေးနေ့မှာ ဒလလို မြို့နယ်လေး တစ်ခုမှာတောင် ဖိုးဓါးမနဲ့ ဦးဝင်းမြင့်အပါအဝင် ၈ ယောက်ကျဆုံးခဲ့ပြီး ဒဏ်ရာရသွားတဲ့သူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ ကျွန်မတို့ အားလုံးကိုယ်စား ဓမ္မနဲ့ အခြေခံလူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးပေးခဲ့ရတဲ့ ဒီလိုမျိုး သူရဲကောင်းတွေ အခြားနေရာတွေမှာရော ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရပါပြီလဲ။ အနာဂါတ်ရဲ့ လူငယ်တွေက နိုင်ငံ့ရဲ့ အနာဂါတ်လည်း ဖြစ်လို့ ဒီဆုံးရှုံးမှုတွေက အင်မတန် ဝမ်းနည်းဖွယ်ကောင်းလှပါတယ်။
ဒီလိုမျိုး လက်နက်မဲ့ပေမယ့် စိတ်ဓါတ်ကြီးမြတ်ကြတဲ့ အာဇာနည်တွေအားလုံးကိုလည်း ဒီနေရာလေးကနေပဲ ဂုဏ်ပြုပါရစေ။
အရေးတော်ပုံ အောင်တဲ့အထိ အားတင်းထားကြပါ။ တစ်ယောက်ကိုတစ်ယောက် ဝိုင်းဝန်းဖေးမ ကူညီကြပါနော်။ ဒီခရီးက ပန်းတိုင်ရောက်ဖို့ မဝေးတော့ပါဘူး။.." ဆိုပြီး သန္တာလှိုင်က ပြောပြထားတာပါ..။
သတင်း အရင်းအမြစ်៖ Thandar Hlaing သန္တာလှိုင် Fb Acc