ယနေ့ခေတ်တွင် သွေးတိုး ရှိ၊ မရှိ သိနိုင်သော (သို့) တိုင်းတာနိုင်သော Digital သွေးပေါင်ချိန်တိုင်း ကိရိယာများ ရှိနေပြီ ဖြစ်သည်။ သွေးပေါင်ချိန် ကိရိယာများကို ဆရာဝန်မှ သုံးရမည် မဟုတ်ဘဲ အိမ်တိုင်းနီးပါ ဆောင်ထားသင့်ပါသည်။ သွေးတိုးရောဂါ သည် ဂရုစိုက်သင့်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ထိုရောဂါကို ပေါ့ပေါ့တန်တန်ထားလျှင် ဒုက္ခတွေ့နိုင်ပါသည်။ သွေးတိုးစဝင်လာပြီဆိုလျှင် နေ့စဉ် အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်သင့်ပါသည်။

မိမိတွင် သွေးတိုးရောဂါ ရှိ၊ မရှိ သင့်ထားသင့်ပါသည်။ သို့မှသာ ဆင်ခြင်သင့်သော အရာများနှင့် ကုသရမည့် နည်းလမ်းများကိုလည်း သိထားနိုင်မည်ဖြစ်သည်။ 

သွေးတိုးရောဂါ ရှိ၊ မရှိ မိမိကိုယ်တိုင် သိနိုင်သော အချက်များမှာ -

(၁) ဦးခေါင်း၊ နောက်စေ့နားမှ ခေါင်းကိုက်ခြင်း

(၂) လေပွပြီး အစာမကြေဖြစ်ခြင်း

(၃) ပုံမှန် ဝမ်းမသွားခြင်း ဝမ်းချုပ်ခြင်း

(၄) အိပ်ချင် ငိုက်မျဉ်းခြင်း၊ သမ်းဝေခြင်း

(၅) မျက်စိနီခြင်း၊ မျက်ရည်ပူကျခြင်း

(၆) ရင်တုန်ခြင်း၊ မောပန်းခြင်း၊ အသက်ရှု မဝခြင်း

(၇) ဆီးသွားခြင်း ပုံမှန်မဟုတ်ခြင်း၊ ဆီးအမြုပ်ထခြင်း

(၈) ကိုယ်ဟန် မမှန်ခြင်း၊ ဒယိမ်းဒယိုင် ဖြစ်ခြင်း

(၉) သတိလစ်ခြင်း၊ အသိစိတ်လွတ်ခြင်း

(၁၀) စကားအသံ မမှန်ခြင်း၊ လျှာလေးခြင်း

စသည်များဖြစ်ခဲ့ပါက သွေးပေါင်ချိန် စစ်သင့်ပါသည်။ သွေးပေါင် အလွန်တက်နေပါက နီးစပ်ရာ ဆေးခန်း၊ ဆေးရုံသို့ သွားသင့်ပါသည်။ အချိန်နောက်ကျပါက သွေးဖိအားကြောင့် ဦးနှောက်သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်း၊ အသက်ဆုံးရှုံးခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဂရုစိုက်ကြစေရန် တိုက်တွန်းချင်ပါသည်။ 

သက်သာစေနိုင်သော နည်းလမ်းများနှင့် ကုထုံးများ

နံပါတ် (၁) ဦးခေါင်း၊ နောက်စေ့နားမှ ခေါင်းကိုက်ခြင်းနှင့် (၂) လေပွပြီး အစာမကြေဖြစ်ခြင်း တို့သည် သွေးတိုးရောဂါ စတင်ဝင်ရောက်ခါစ အချိန်တွင် ဖြစ်လေ့ဖြစ်ထ ရှိတတ်သည်။ အစာများသည့် အခါနှင့် အအေးပတ်သည့် အခါတွင်လည်း ဖြစ်နိုင်ပါသည်။ နွေးထွေးအောင်နေခြင်း၊ အနားယူခြင်း၊ အစာကြေဆေးစားခြင်း စသည်ဖြင့်လည်း သက်သာအောင် ပြုလုပ်နိုင်ပါသည်။

နံပါတ် (၃) ပုံမှန် ဝမ်းမသွားခြင်း ဝမ်းချုပ်ခြင်းနှင့် (၄) အိပ်ချင် ငိုက်မျဉ်းခြင်း၊ သမ်းဝေခြင်း သည်လည်း သွေးတိုးရောဂါ၏ အခြေခံအချက်များ ဖြစ်ပါသည်။ ပုံမှန် ဝမ်းသွားအောင် အသီးအနှံများများစားခြင်း၊ လမ်းလျှောက်ခြင်း၊ ဝမ်းပျော့ဆေးစားခြင်း စသည်ဖြင့်လည်း သွေးတိုးရောဂါမှ ကာကွယ်ပေးနိုင်ပါသည်။

နံပါတ် (၅) မျက်စိနီခြင်း၊ မျက်ရည်ပူကျခြင်း သည် သွေးတိုးရောဂါ အခြေအနေမြင့်လာပြီ ဖြစ်သည်။ မျက်စိအတွင်းမှ သွေးကြောများနီခြင်းသည် သွေးဖိအားမြှင့်တက်ခြင်း လက္ခဏာဖြစ်ပြီး ဦးနှောက်သွေးကြောနှင့် အလွန်နီးစပ်သည်။ သွေးကြောကျဉ်းခြင်း၊ သွေးခဲပိတ်ဆို့ခြင်း တို့ ဖြစ်နိုင်ပါသည်။ ဆရာဝန်နှင့် ပြသ တိုင်ပင်ပြီး ဂရုတစိုက် ဆေးသောက် ကုသ သင့်ပါသည်။

နံပါတ် (၆) ရင်တုန်ခြင်း၊ မောပန်းခြင်း၊ အသက်ရှု မဝခြင်းသည် သွေးတိုးသာမက နှလုံးသွေးကြောကျဉ်းခြင်း၏ အခြေံအဆင့်ကိုပါ ရောက်ရှိနေပြီဖြစ်သည်။ နှလုံးကိုပါ ထိခိုက်နိုင်သဖြင့် သေချာစွာ ဆေးကုသရမည့် အဆင့့်ဖြစ်သည်။ မိမိသဘောဖြင့် သွေးကျဆေး ဝယ်ယူမသောက်သုံးသင့်ပါ။ 

နံပါတ် (၇) ဆီးသွားခြင်း ပုံမှန်မဟုတ်ခြင်း၊ ဆီးအမြုပ်ထခြင်းမှာ သွေးတိုးအပြင် ကျောက်ကပ်ရောဂါကိုပါ သိနိုင်ပါသည်။ ကျောက်ကပ်နှင့် သွေးတိုးသည်လည်း ဆက်နွယ်မှု ရှိသဖြင့် ထိုလက္ခဏာကိုလည်း အထူးဂရုစိုက်ပြီး ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသသင့်ပါသည်။

နံပါတ် (၈)၊ (၉)၊ (၁၀) အဆင့်များမှာ သွေးဖိအား အလွန်တက်ပြီး ရုတ်တရက် လေဖြတ်နိုင်သော အဆင့်၊ ဦးနှောက်သွေးကြောပေါက်ခြင်းအထိ ဖြစ်နိုင်သဖြင့် စိတ်မချရသော အလွန်အရေးကြီးသော အဆင့်ဖြစ်ပါသည်။ သွေးကျဆေးများကို မိမိစိတ်ကြိုက်ဝယ်ယူခြင်း၊ မိတ်ဆွေများမှ တိုက်တွန်းညွှန်ကြားခြင်း၊ ကြော်ငြာဖတ်၍ ဝယ်ယူသုံးစွဲခြင်းထက် ဆရာဝန်၊ သမားတော်များနှင့် သေချာစွာစမ်းသပ်ပြီး ကုသ သင့်ပါသည်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း သွေးကျဆေးမှန်မှန်သောက်ခြင်း၊ သွေးပေါင်းချိန်တိုင်း ကိရိယာဖြင့် နေ့စဉ် သွေးပေါင်ချိန် စစ်ဆေးပေးခြင်းဖြင့် အသက်အန္တရယ်မှ ကာကွယ်ပေးနိုင်ပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။