သင့်တစ်နေ့တာ လုပ်ဆောင်တာတွေ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့အတွက် အာဟာရပြည့်ဝတဲ့ မနက်စာဆိုတာ အရေးကြီးလှပါတယ်။ ဒါကြောင့်မို့ အာဟာရပြည့်ဝတဲ့မနက်စာအကြောင်းကို Moda မဂ္ဂဇင်းမှတစ်ဆင့် ပြန်လည်ဖော်ပြလိုက်ပါတယ်။

သကြားနည်းတဲ့မနက်စာကို ရွေးချယ်ပါ

သင်အနေနဲ့ တစ်နေကုန် လန်းဆန်းပြီး အားအင်ပြည့်နေချင်တယ်ဆိုရင် သင့်ခန္ဓာကိုယ်ထဲက သကြားဓာတ်ကို အတက်အကျ ကြီးကြီးမားမားမဖြစ်အောင် ထိန်းသိမ်းရပါလိမ့်မယ်။ ခန္ဓာကိုယ်တွင်းမှာ သကြားဓာတ်မြင့်တက်လာရင်တော့ သင် သွေးလေးပြီး ကွန်ပျူတာရှေ့မှာ ငိုက်မျည်းနေတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် သင့်အနေနဲ့ကတော့ သကြားဓာတ်နည်းတဲ့ မနက်စာကို ရွေးချယ်ရမှာ အသေချာပါပဲနော်။ ဒီလိုရွေးချယ်စားသောက်တဲ့နေရာမှာ ချိုသော အသီးအနှံဖျော်ရည်ကိုပါ ရှောင်ရပါမယ်တဲ့။ အသီးအနှံဖျော်ရည်ဟာ ကျန်းမာရေးနဲ့ညီညွတ်လို့ တော်တော်များများ မနက်စာမှာ ထည့်သွင်းသောက်သုံးကြပေမယ့် သူ့မှာ သဘာဝအရပါဝင်နေတဲ့ သကြားဓာတ်ကလည်း သင့်ရဲ့ ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို အပြောင်းအလဲဖြစ်စေပါတယ်။

ကော်ဖီအစား ရေကို အစားထိုးပါ

မနက်ပိုင်း ကော်ဖီသောက်မှဖြစ်မယ်ဆိုတဲ့ ကော်ဖီသမားတွေကို ပြောချင်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်က သင့်ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်နော်။ ဒါကြောင့် ကော်ဖီအရမ်းကြိုက်သူတွေက ကော်ဖီသောက်မှ လန်းဆန်းတယ်လို့ ထင်ကြပေမယ့် တကယ်တော့ ကော်ဖီကြောင့်ပဲ လူရောစိတ်ရော လေးလံထိုင်းမှိုင်းနေကြတယ်ဆိုတာကို သတိမထားမိကြပါဘူး။ အဲဒီ့အစား မနက်စာကို စားစရာတစ်ခုခုနဲ့ ကော်ဖီအစား ရေကို အစားထိုးရွေးချယ်ဖို့ လိုအပ်ပါတယ်။

အများကြီးအစား ခဏခဏစားပါ

တစ်နေကုန် အစာခံပြီး အလုပ်လုပ်နိုင်အောင် မနက်စာကို အများကြီးစားတာကလည်း တကယ်တော့ မှားယွင်းနေပါသေးတယ်။ မနက်စာမှ မဟုတ်ပါဘူး။ ဘယ်အချိန်ပဲစားစား အများကြီးတစ်ခါတည်းစားတာက သင့်ကို ပြည့်အင့်မှုနဲ့အတူ လေးလံထိုင်းမှိုင်းနေစေမှာ အမှန်ပါပဲ။ အများကြီးစားလို့ တစ်နေကုန် အင်အားပြည့်ဖြိုးနေတယ်လို့ သင် ထင်ပါသလား။ မနက်စာကို အများကြီးမစားပဲ နည်းနည်းဆီ ခဏခဏစားဖို့ တိုက်တွန်းပါရစေ။ တစ်နေ့ကို အကြိမ်ရေ အများကြီးစားမိတာက ကိစ္စမရှိပါဘူး။ တစ်ခါတည်း အများကြီးစားမိတာက ပြဿနာပါ။ ဒီတော့ တစ်နေကုန် ပေါ့ပါးလန်းဆန်းနေစေဖို့နဲ့ သင့်ရဲ့ ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ဖို့ မနက်စာကို အဝအပြဲ တစ်ခါတည်း စားသောက်မယ့်အစား သုံးနာရီ ဒါမှမဟုတ် လေးနာရီခြားတစ်ခါ ခဏခဏ စားပေးပါ။

အသင့်စားနဲ့သရေစာတွေကို အနားပေးပါ

သင့်ရဲ့ အစားအသောက်ပုံစံ သေးသေးလေးက သင့်ရဲ့ တစ်နေ့တာအတွက် အားအင်ပြည့်ဝမှုမှာ အကြီးကြီး အကျိုးသက်ရောက်မှု ဖြစ်စေတာ အမှန်ပါပဲ။ ဒီတော့ ဘယ်လိုအရာတွေကို ရှောင်သင့်လဲဆိုလာရင် အသင့်စားအစားအစာတွေနဲ့ သရေစာတွေပါပဲ။ စားချင်ရင် အာဟာရဖြစ်စေမယ့် အစားအသောက်တွေကို ခဏခဏ စားသောက်ပေးလို့ရပါတယ်။ ဒါပေမယ့် အာလူးကြော်တွေ၊ ခေါက်ဆွဲခြောက်ပြုတ်တွေ လုံးဝမဟုတ်ပါဘူး။ ဒါတွေက သင့်ကို အဆီရစ်စေပြီး တစ်နေ့တာလုံး အီလည်လည် ခံစားချက်တွေပဲ ပေးစွမ်းနိုင်မှာပါ။ အဲဒီ့အစား အာဟာရရှိတဲ့ နွားနို့၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံစတာတွေကို သင့်ရဲ့ မနက်စာ အချိန်စာရင်းထဲ ထည့်ထားပြီး လမ်းသွားနေရင်း အာလူးကြော်တွေ၊ ကိုလာတွေ၊ ခေါက်ဆွဲပြုတ်တွေနဲ့ ကော်ဖီတွေကို မနက်စာအဖြစ် သတ်မှတ်ထားခြင်းကနေ လုံးဝ အနားပေးလိုက်ပါတော့။

လူလန်းဆန်းပြီး အားအင်ပြည့်ဝနေမှသာ တစ်နေကုန် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို တာဝန်ကျေကျေ လုပ်ဆောင်နိုင်မှာပါ။ အဲဒီ့အတွက် အခုပြောထားသလို သင့်ရဲ့ မနက်စာပုံစံကို ပြောင်းလဲပေးရပါလိမ့်မယ်။ မဟုတ်ရင်တော့ တစ်နေကုန် ငိုက်မြည်းနေမိတာတွေ၊ ခေါင်းကိုက်နေတာတွေ၊ မအီမလည်ဖြစ်တာတွေကိုတေည့ ကြုံရမှာ မလွဲပါပဲ။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။