ဘယ်လို အကြောင်းမျိုးကြောင့် အပူလောင်တာလဲ

မီးလောင်ခြင်း၊ အရည်ပူလောင်ခြင်းနှင့် နေပူလောင်ခြင်း၊ သတ္ကုအပူလောင်ခြင်း၊ ဓာတုဗေဒ ပစ္စည်းများ (ဥပမာ - အက်ဆစ်/ ငရဲမီး) လောင်ခြင်း၊ လျှပ်စစ်ဓါတ်အားကြောင့် လောင်ခြင်း စသည်ဖြင့် အပူလောင်ခြင်းကိုု ဖြစ်စေပါသည်။

အပူလောင်ခြင်းကို (၃) ဆင့်ခွဲထားပါသည်။

၁) အရေပြားနီရုံမျှ လောင်ခြင်း (ပထမအဆင့်)

၂) အရေပြားနီပြီး မီးလောင်ဖုများ ဖောင်းကြွလားခြင်း (ဒုတိယအဆင့်)

၃) အရေပြားနှင့် ကြွက်သားပါပျက်စီးပြီး အရိုးပါ လောင်ကျွမ်းခြင်း (တတိယအဆင့်)

အဓိကအားဖြင့် သိထားသင့်သည့် အချက််မှာ - လူ့ခန္ဓာကိုယ်ပေါ်ရှိ အရေပြားစုစုပေါင်း သုံးပုံတစ်ပုံံထက် ကျော်လွန်၍ အပူလောင်ပါက အသက်အန္တရာယ် ဖြစ်နိုင်ပါသည်။

မီးလောင်တဲ့ လူနာကို ဘယ်လို ပြုစုရမလဲ

၁) မီးလောင်နေသော လူနာကို မီးငြိမ်းရန် ကြမ်းပြင်ပေါ်လှဲချပြီး ရရာ အဝတ်ဖြင့် ဖုံးအုပ်ပြီး လှိမ့်ပါ။ အကူအညီခေါ်ပါ။ အပြင်ကို ပြေးမထွက်ပါစေနှင့်။ မီးပိုတောက်နိုင်သည်။

၂) လိုအပ်သည်ထက်ပို၍ ဒဏ်ရာရသောနေရာကို မကိုင်တွယ်ရပါ။

၃) လက်များ သန့်ရှင်းစေရန် ရေနွေးနှင့်ဆေးပြီးမှ ကိုင်ပါ။

၄) မီးလောင်ထားသော နေရာသို့ ရေများများလောင်းပါ။ အနည်းဆုံး (၃)မိနစ်မှ (၅)မိနစ်အထိ ရေစိမ်ထားပါ။ မည်သည့်ဆေးမျှ မလိမ်းရပါ။

၅) လောင်ကျွမ်းသော အဝတ်များကို မဖယ်ရှားရ။ ဖောင်းကြွလာသော အရည်ဖုများ မဖောက်ရပါ။

၆) မီးလောင်သည့်နေရာကို အဝတ်များ မဖယ်ရှားဘဲ ပိတ်ပါးစ (သို့) သန့်ရှင်းသော အဝတ်စဖြင့် ဖုံးအုပ်ထားပါ။

၇) သွေးလန့် သွေးဆုတ်ခြင်းကို ကာကွယ်ပါ။

၈) နာကျင်ခြင်းကို အနာသက်သာစေရန် အကိုက်အခဲပျောက်ဆေး တိုက်ပါ။

၉) လူနာကို လက်ဖက်ရည်ကြမ်းနှင့် အိမ်သုံးဆား အနည်းငယ်နှင့် စားဆိုဒါ အနည်းငယ်ရောစပ်၍ ရေနွေးတစ်ဖန်ခွက် တိုက်ကျွေးပါ။

၁၀) ဆေးရုံသို့ အမြန်ပို့ပါ။

အရည်ပူလောင်တဲ့ လူနာကို ဘယ်လိုပြုစုရမလဲ

မီးလောင်သော လူနာအား ပြုစုနည်း အတိုင်းဖြစ်ပါသည်။ အပူရည်စိုသော အဝတ်များကို ဖြည်းညင်းစွာ ချွတ်ပစ်ရန် လိုအပ်ပါသည်။ လူနာကို သန့်ရှင်းစွာ ပြုစုပါ။

အက်စစ် (ခေါ်) ငရဲမီးလောင်းတဲ့့ လူနာကို ဘယ်လို ပြုစုရမလဲ

၁) အပူလောင်သောနေရာကို အလျင်အမြန် ရေများများလောင်းပါ။

၂) ရေနွေးနှင့် အဝတ်လျှော်ဆိုဒါ (သို့) မုန့်ဖုတ်ဆိုဒါ အနည်းငယ်ခန့်ဖျော်၍ ငရဲမီးလောင်သော နေရာသို့ လောင်းပေးပါ။

၃) ငရဲမီးစိုသော အဝတ်များကို ဖြည်းညင်းစွာ ချွတ်ပါ။

၄) လူနာအား မီးလောင်သော လူနာပြုစုသကဲ့သို့ ပြုစုပါ။ အနာကို သန့်ရှင်းအောင် ထားပါ။

လျှပ်စစ်ဓါတ်အားကြောင့် အပူလောင်သူကို ဘယ်လို ပြုစုရမလဲ

ဗို့အားများသော ဓာတ်လိုက်ခြင်း

၁) မီးသတ်၊ ရဲ စသည်တို့ကို အကြောင်းကြားပါ။

၂) လျှပ်စစ် ဖြတ်တောက်ပြီးတာ သေချာမှ လူနာအား ပြုစုပါ။

၃) လိုအပ်ပါက အသက်ရှုအားကူနည်း နှလုံးဖိနှိပ်မှု ပြုလုပ်ပါ။

၄) ဆေးရုံသို့ အလျှင်အမြန်ပို့ပါ။

မှတ်ချက်။ လူနာ ဓာတ်ကြိုးနှင့် တွယ်ကပ်နေပါက ရုတ်တရက် အနားသို့ မသွားရ။ ဓာတ်လိုက်ခြင်း ကူးသွားမည်။ ဗို့အား အလွန်များလျှင် သစ်သား၊ အဝတ်အထည် စသည်တို့လည်း အကာအကွယ် မပေးနိုင်ပါ။ ထို့ကြောင့် လူနာနှင့် ဓာတ်တိုင်အနီးသို့ မသွားပါနှင့်။ ကိုက် (၂၀၀) အကွာမှ နေပါ။

အိမ်သုံး ဗို့အားနည်းသော လျှပ်စစ်ဓာတ်လိုက်ခြင်း

၁) ခလုတ်ပိတ်ပါ။

၂) ပလပ်ဖြုတ်ပါ။

၃) ဓာတ်ကြိုးကို ဖြုတ်လိုက်ပါ။

၄) ခြောက်သွေ့သော နေရာတွင်ရပ်၍ သစ်သားစားပွဲခုံ/ ထိုင်ခုံပေါ်တက်၍ လူနာကို သတင်းစာလိပ်၊ ၀ါးလုံး စသည်တို့ဖြင့် တွန်းပါ။ အထူးခြောက်သွေ့ရန် လိုအပ်သည်။

၅) လူနာကို မီးလောင်နည်းအတိုင်း ပြုစုပါ။ လိုအပ်ပါက အသက်ရှုအားကူနည်း နှလုံးဖိနှိပ်မှု ပြုလုပ်ပါ။

မှတ်ချက်။ ရေ၊ သံ၊ သွပ်၊ ကြေးနီ စသည်တို့သည် ဓာတ်လိုက်သော အရာများဖြစ်သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။