ပွင့်လင်းလာတဲ့ခေတ်ကြီးထဲ မိန်းကလေးတွေသိသင့်တာတွေ များလာတာတော့အမှန်ပါပဲ။ ဒီလိုဗဟုသုတတွေကို သင့်မိခင်တွေကိုယ်တိုင်က ပွင့်ပွင့်လင်းလင်းမပြောနိုင်ရင်တောင် ဖတ်ထားပြီးသိထားသင့်တဲ့အတွက် MODA မဂ္ဂဇင်းမှတစ်ဆင့် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

နိုင်ငံတကာ မျိုးဆက်ပွားနဲ့လိင်ကျန်းမာရေး အမေးအဖြေ Website ကဏ္ဍတွေမှာ အများဆုံးမေးလေ့ရှိတဲ့သူတွေဟာ အပျိုစင်လေးတွေဖြစ်နေကြတယ်လို့ သိရပါတယ်။ အိမ်ထောင်သည်တွေနဲ့ ချစ်တင်းနှောဖူးသူတွေကတော့ ဒီနေရာမှာလိုအပ်တဲ့ ကျန်းမာရေးနဲ့ လူမှုရေးဗဟုသုတတွေ အသင့်အတင့်ရှိပေမယ့်လည်း အပျိုစင်လေးတွေအတွက်တော့ ချစ်တင်းနှောခြင်းနဲ့ ပတ်သက်သမျှဟာ အိပ်မက်တစ်ခုလို အလှမ်းဝေးနေဦးမှာပါပဲ။ ဒါကြောင့်လည်း မြန်မာနိုင်ငံလို ဖွ့ံဖြိုးဆဲနိုင်ငံတွေမှာ မလိုလားအပ်တဲ့ကိုယ်ဝန်ရရှိခြင်းတွေကစလို့ ချစ်တင်းနှောရာမှတစ်ဆင့် ကူးစက်လွယ်တဲ့ရောဂါတွေ ခံစားရပြီး မဖြစ်သင့်ပဲ ဘဝဆုံးခဲ့ရတဲ့ မိန်းကလေးငယ်တွေ အများအပြားရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒီလအတွက်တော့ ပထမဆုံးအကြိမ် ချစ်တင်းမနှောခင် အပျိုစင်ဘဝကို မစွန့်လွှတ်ခင်မှာ ဘာတွေသိထားရမလဲဆိုပြီး အပျိုစင်လေးတွေကအစ သိထားသင့်တဲ့ မျိုးဆက်ပွားခြင်း၊ လိင်ဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ လူမှုရေး၊ ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ အရေးအကြီးဆုံးကတော့ သင့်ရဲ့အပျိုစင်ဘဝကို ဘယ်တော့မှပြန်လည်ရရှိတော့မှာ မဟုတ်ဘူးဆိုတာပါပဲ။ လက်မထပ်ရသေးတာပဲဖြစ်ဖြစ်၊ လက်ထပ်ပြီးတော့မှပဲဖြစ်ဖြစ် သင်ဟာ ယောက်ျားတစ်ယောက်နဲ့လိင်စပ်ယှက်ဖူးသွားပါပြီ။ အခုခေတ်မှာ ဆေးဝါးတွေပေါများတယ်။ နည်းလမ်းတွေပေါများတယ်ဆိုပေမယ့်လည်း သင့်ရဲ့ဘဝထဲယောက်ျားတစ်ယောက် ဝင်ရောက်ခဲ့ဖူးပြီးပြီဆိုတဲ့ အတိတ်ကို လက်ခံနိုင်မယ်ဆိုမှသာ နောက်အချက်တွေကို ဆက်ဖတ်ကြည့်ပါ။

ပထမဆုံးအကြိမ်ဟာ အတင်းအကျပ်ဖိအားပေးခံရလို့ ချစ်တင်းနှောလိုက်တာမျိုး လုံးဝအဖြစ်မခံပါနဲ့။ ဒါကြောင့် သင့်ရဲ့ချစ်သူကပဲဖြစ်ဖြစ်၊ သင့်ရဲ့သူငယ်ချင်းကပဲဖြစ်ဖြစ် တပူပူတဆူဆူဂျီကျလို့ စိတ်မပါပဲ သင့်ရဲ့ အပျိုစင်ဘဝကိုမပေးလိုက်ပါနဲ့။ ချစ်တင်းနှောတယ်ဆိုတာ အရင်ထဲကပြောနေကျစကားအတိုင်း စိတ်လှုပ်ရှားဖို့ကောင်းပြီး ဆွဲဆောင်မှုရှိနေရမယ်လေ။

ကွန်ဒုံးကို သုံးဖြစ်အောင်ကို သုံးပေးရပါမယ်။ မြန်မာပြည်စျေးကွက်ထဲမှာတော့ ယောက်ျားလေးသုံးကွန်ဒုံးသာ ဝယ်ရလွယ်တာဖြစ်လို့ သင့်ရဲ့ ပါတနာကို ကွန်ဒုံးသုံးခိုင်းပါ။ ဒီနေရာမှာ တခြားသန္ဓေတားဆေးဝါးတွေမသုံးပဲ ကွန်ဒုံးပဲသုံးဖို့ အပြင်းအထန်ပြောလိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တခြားဆေးဝါးတွေဟာ ကိုယ်ဝန်မရရှိအောင်ပဲ တားဆီးပေးနိုင်တာဖြစ်ပြီး လိင်နဲ့ လိင်ဆက်ဆံခြင်းကနေတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကိုတော့ တားဆီးကာကွယ်နို်င်စွမ်းအား မရှိပါဘူး။ ဒါပေမယ့် ကွန်ဒုံးကတော့ သင့်ကို ကိုယ်ဝန်မရအောင်ရော၊ ကူးစက်ရောဂါတွေကနေရော ကာကွယ်ပေးနိုင်လို့ပါပဲ။

ချစ်တင်းနှောနေတဲ့အချိန်မှာ သင်ကြည့်ဖူးတဲ့ နိုင်ငံခြားခပ်ကြမ်းကြမ်းအပြာကားတွေထဲက ဇာတ်ဆောင်မင်းသမီးတွေလို ညှိ့အားပြင်းနေဖို့ အပြင်းအထန်မကြိုးစားပါနဲ့။ အဲဒီလိုလုပ်တာဟာ ပုံမှန်နဲ့ကို ချစ်ဖို့ကောင်းနေတဲ့ သင့်ရဲ့လှုပ်ရှားမှုအပြုအမူတွေကို ရုပ်ဆိုးသွားစေမှာပါ။ အသံတွေဆူညံအောင်ထွက်နေဖို့လည်း မလိုအပ်ပါဘူး။ အလိုက်သင့်လေးရွေ့လျားပေးပြီး စီးမျောနေဖို့ပဲလိုပါတယ်နော်။

ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ နောက်ပြီး တစ်ကြိမ်တည်းပဲ စိတ်ဆန္ဒပြီးမြောက်ပါတယ်လို့ ပြောဦးမလား။ မရပါဘူး။ ချစ်တင်းနှောမှုမှာ စိတ်ဆန္ဒမပြီးမြောက်ခင်မှာတောင် သင့်ရဲ့ပါတနာဆီက ကနဦး Sperm အနည်းငယ် ထွက်လာနိုင်ပါတယ်။ အဲဒီ့ Sperm အနည်းငယ်နဲ့တင် သင့်ကို ကိုယ်ဝန်ရှိစေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ပထမဆုံးအတွေ့အကြုံပါပဲ ဘာမှမဖြစ်လောက်ပါဘူးလို့ ပေါ့ပေါ့လေးတွေးပြီး အကာအကွယ်မယူပဲ ချစ်တင်းနှောဖို့ လုံးဝမစဉ်းစားပါနဲ့။

ချစ်တင်းနှောနေစဉ်အတွင်းမှာ စိတ်ထဲ ဘာတင်းကျပ်မှုမှ မထားဖို့ အကြံပေးပါရစေ။ သင်ရဲ့ ပထမဆုံးချစ်တင်းနှောမှုမှာတင် သင့်ရဲ့ စိတ်ဆန္ဒပြီးမြောက်လိမ့်မယ်လို့ လောဘကြီးရင် မှားပါလိမ့်မယ်။ ချစ်တင်းနှောရာမှာ စိတ်ဆန္ဒပြီးမြောက်ဖို့တစ်ခုတည်းကသာ ပန်းတိုင်မဟုတ်ပါဘူး။ သင်နဲ့ သင့်ရဲ့ပါတနာတို့ အရင်ကထက် နားလည်မှု၊ ချစ်ခင်မှုနဲ့ ပျော်ရွှင်မှုရဖို့က အဓိကပါပဲ။ ပထမဆုံးအကြိမ်မှာ မိန်းကလေးတွေအနေနဲ့ များသောအားဖြင့် စိတ်ဆန္ဒမပြီးမြောက်တတ်ကြပါဘူး။ နောက်ပိုင်းမှာတော့ သင် အဆင်ပြေသွားပါလိမ့်မယ်။

အပျိုစင်ဘဝကို သင် စွန့်လွှတ်လိုက်တော့မယ်ဆိုရင် အနည်းငယ်နာကျင်ပြီး သွေးထွက်နိုင်ပါတယ်။ ဒါက ကျန်းမာရေးပြဿနာမဟုတ်ပါဘူး။ အပျိုစင်တိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါပဲ။ ဒါကြောင့်မလန့်ပါနဲ့။ နောက်တစ်ခုကတော့ ပထမဆုံးအကြိမ်ချစ်တင်းနှောခြင်းကြောင့် နောက်ရက်တွေမှာ ဓမ္မတာလာနိုင်ပါတယ်။ ဒါဟာလည်း သားအိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်တဲ့အပြောင်းအလဲတစ်ခုကို တုန့်ပြန်လိုက်တာသာဖြစ်ပြီး စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့်လည်း သင့်ရဲ့သာမာန်ဓမ္မတာရက်ပေါင်းထက် အရမ်းရှည်ကြာနေတာပဲဖြစ်ဖြစ်၊ ဓမ္မတာလာနေစဉ်နဲ့လာပြီးအချိန်တွေမှာ အင်မတန်ယားယံပြီး စိတ်မသန့်စရာတစ်ခုခုဖြစ်နေခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဆွေးနွေးဖို့ အကြံပေးချင်ပါတယ်။

သင်ဟာ အပျိုဖော်ဝင်တဲ့အချိန်ကစပြီး ဖွံ့ဖြိုးပြောင်းလဲသွားတဲ့ စိတ်ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် တစ်ကိုယ်ရည်အာသာဖြေလေ့ရှိတဲ့ မိန်းကလေးတစ်ယောက်ဆို သင့်ရဲ့ ပထမဆုံးချစ်တင်းနှောမှုဟာ တခြားမိန်းကလေးတွေထက် ပေါ့ပါးပျော်ရွှင်မှုကိုပေးနိုင်ပါတယ်။ နောက်ပြီး တစ်ကိုယ်ရည်အာသာဖြေလေ့ အစဉ်တစိုက်ရှိတဲ့သူဆိုရင်တော့ ပထမဆုံးအကြိမ်ချစ်တင်းနှောရာမှာ အများကြီးအဆင်ပြေနိုင်ပြီး မိန်းကလေးတွေ အရနည်းတဲ့ ပထမဆုံးအကြိမ်နဲ့ စိတ်ဆန္ဒပြီးမြောက်ခြင်းကို ရရှိနိုင်ပါတယ်။ ဒါကလည်း သင်နဲ့ သင့်ရဲ့ပါတနာအတွက် စိတ်ရော၊လူရော ကျေနပ်မှုကို တခြားစုံတွဲတွေထက် ပိုမိုရရှိနိုင်မှာပါ။

ဒီနေရာမှာ သင့်ရဲ့ကျန်းမာရေးအတွက် အရေးကြီးတဲ့နောက်တစ်ချက်ရှိနေပါသေးတယ်။ သင်ရော သင့်ရဲ့ပါတနာရော ဆေးစစ်ဖို့ပါ။ သင့်ရဲ့ပါတနာက ပုံမှန်မိမိကိုယ်ကိုယ် ဂရုတစိုက်နဲ့ ကျန်းမာရေးကို အလေးပေးနေတတ်တဲ့သူဆိုရင်တော့ အဆင်ပြေပေမယ့် သင့်ရဲ့ပါတနာက သင် မတိုင်ခင်အရင်တုန်းက ပွေရှုပ်ခဲ့ဖူးမယ်ဆိုရင် ဆေးစစ်ကို စစ်ပေးဖို့ သတိပေးပါရစေ။ လိုအပ်တဲ့နေရာမှာ ငွေကြေးနှမြောနေဦးမယ်ဆိုရင်တော့ မလိုအပ်ပဲ သင့်ရဲ့ငွေကြေးတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ကုန်ကျရလိမ့်မယ်ဆိုတာ သိထားရပါလိမ့်မယ်။

တစ်ခါတစ်ရံ လက်မထပ်ပဲအတူတူနေခြင်းကနေတစ်ဆင့် တစ်ဘဝလုံးစာလက်ထပ်ဖြစ်တဲ့အထိ သံဃောဇဉ်တွေ နှောင်ဖွဲ့သွားနိုင်ပေမယ့် တစ်ချို့ယောက်ျားလေးတွေကျပြန်တော့လည်း အတူတူနေပြီးရင် သင့်အပေါ်သွေးအေးသွားနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှောခြင်းဟာ ယောက်ျားလေးတစ်ယောက်ကို ချုပ်နှောင်တွယ်ဖက်ထားနိုင်တဲ့နည်းလမ်းမဟုတ်ဘူးဆိုတာကို ချစ်တင်းမနှောခင်မှာ လုံးဝလက်ခံထားပါ။

နောက်ဆုံးတစ်ခုပေမယ့် သင့်ရဲ့စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ဖို့ သိထားရမယ့်အရာပါ။ အဲဒါကတော့ သင် ပထမဆုုံးအကြိမ် ချစ်တင်းနှောပြီး သင့်ရဲ့ အပျိုစင်ဘဝကို ပေးအပ်ခဲ့တဲ့ ပါတနာက သင့်ဘဝတစ်ခုလုံးစာရဲ့ ပါတနာဖြစ်ချင်မှဖြစ်လာမယ်ဆိုတာပါပဲ။ သင့်ရဲ့စိတ်ကို ဖြေလျှော့ထားလိုက်ပါ။ လူ့ဘဝဟာ စွန့်လွှတ်တန်တာစွန့်လွှတ်တတ်ရပါလိမ့်မယ်။ ဒါကြောင့် အခုပဲ သင့်စိတ်ကို ကြိုတင်ပြင်ဆင်ထားလိုက်ပါ။

ချစ်တင်းနှောခြင်းဟာ လူသားတွေအားလုံးအတွက် ဘဝကြီးမဟုတ်ပါဘူူး။ သင့်ရဲ့ အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရရုံနဲ့လည်း သင့်ဘဝကြီး ရစရာမရှိအောင် ပျက်စီးသွားတယ်လို့ မယူဆသင့်ပါဘူး။ တစ်နေ့နေ့တစ်ချိန်ချိန် သင့်ပါတနာနဲ့ အဆင်မပြေလို့ လမ်းခွဲလိုက်ကြပြီဆိုရင်တောင် သင့်ဘဝကို ရဲရဲရင့်ရင့်လျှောက်လှမ်းဖို့ သင်အမြဲအဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။