အရင်ဆုံးပြောပြချင်တာကတော့ အပျိုဖော်ဝင်တယ်ဆိုတာ သင် ကြီးထွားအရွယ်ရောက်လာပြီ၊ လူတွေရဲ့ အရေးအကြီးဆုံးတာဝန်ကြီးတစ်ခုဖြစ်တဲ့ မျိုးဆက်ပွားတာဝန်ကို ထမ်းဆောင်နိုင်ဖို့ စတင်ပြီ ဆိုတာကို ခန္ဓာကိုယ်က ဖော်ပြပေးတာသက်သက်ပါပဲ။ စိုးရိမ်ကြောက်ရွံ့စရာမရှိဘူးနော်။ မိန်းကလေးတွေအားလုံး အသက်အရွယ်တစ်ခုမှာ ကြုံတွေ့နေကျကိစ္စတစ်ခုပါပဲ။

အပျိုဖော်စဝင်တဲ့အချိန်မှာ သင်တို့ရဲ့သားအိမ်ကနေ သဘာဝအလျှောက် သွေးဆင်းလာတာဖြစ်ပြီး သင်တို့ ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် သားအိမ်က စတင်အလုပ်လုပ်ပါပြီ။ သင့်ရဲ့ ဓမ္မတာသွေးဆင်းတာက လစဉ်တိုင်းပုံမှန်ဖြစ်နေမှာဖြစ်ပြီး များသောအားဖြင့် ၂ရက်ကနေ ရရက်အထိ ကြာမြင့်နိုင်ပါတယ်။ ပထမဆုံးအပျိုဖော်ဝင်တဲ့အချိန်မှာတော့ သင့်ရဲ့ရာသီသွေးဟာ ခပ်နည်းနည်းပဲ ဆင်းတတ်ပြီး တစ်လနဲ့တစ်လ အချိန်မမှန်တာတွေ၊ ပမာဏမမှန်တာတွေဖြစ်နေတတ်ပါတယ်။ နောက်ပိုင်းမှာတော့ သင့်ရဲ့ ဓမ္မတာဟာ လစဉ်အချိန်မှန် ပမာဏမှန်ဖြစ်သွားမှာပါ။ အဲဒီအခါကျရင်လည်း သင်တို့ရဲ့ ဓမ္မတာလာတဲ့ရက်ကို မှတ်သားထားလိုက်ပါ။ နောက်လတိုင်းလည်း အဲဒီ့နေ့ရက်ပတ်ဝန်းကျင်မှာပဲ ဓမ္မတာစက်ဝန်း ပြန်လည်ရောက်ရှိလာမယ်လို့ ခန့်မှန်းလို့ရပါပြီ။

အပျိုဖော်ဝင်တော့မလားဆိုတာကို ဘယ်လိုသိနိုင်မလဲဆိုရင်တော့ သင် ပထမဆုံးဓမ္မတာလာတော့မယ်ဆိုတာနဲ့ သင့်ရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်က ကိုယ်လုံးကိုယ်ပေါက်ထွက်လာမယ်။ တင်တွေရင်တွေဟာ အရင်ထက်ပိုမိုကြီးမားလာတာကို တွေ့ရလိမ့်မယ်။ နောက်ပြီး ဆီးခုံနဲ့ ဂျိုင်းမှာ အမွှေးအမျှင်တွေ တဖြည်းဖြည်း များများပြားပြားပေါက်လာမယ်။ ဒါတွေက ပုံမှန်ပြောင်းလဲခြင်းဖြစ်ပါတယ်။ အထူးအဆန်းမဟုတ်ပါဘူး။ သင်ဟာ တဖြည်းဖြည်းနဲ့ မိန်းမပျိုလေးဖြစ်ဖို့ ကြီးထွားလာပါပြီ။

မိန်းကလေးတွေ အပျိုဖော်ဝင်ချိန်ဟာ အသက် ၁၂နှစ်နဲ့ ၁၄နှစ်ဝန်းကျင်မှာဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း မျိုးရိုးနဲ့ သွေးသားပြောင်းလဲမှုဟာ တစ်ယောက်နဲ့တစ်ယောက် မတူမှာဖြစ်တဲ့အတွက်ကြောင့် ဒီ့ထက်စောတာ ဒါမှမဟုတ် နောက်ကျတာတွေလည်း ဖြစ်နိုင်ပါတယ်။

ဘာလုပ်ရမလဲဆိုရင် မိန်းမကိုယ်ထဲက သွေးတွေဆင်းလာရင် မကြောက်သွားပါနဲ့။ အပျိုဖော်ဝင်လို့ ရာသီသွေးစလာရင် သင်တို့ရဲ့မေမေ့ကို ပြောပြပါ။ သူငယ်ချင်းတွေနဲ့ ဆရာမတွေကို ပြောပြလို့လည်းရတဲ့ကိစ္စပါ။ အပျိုဖော်ဝင်တာကို ဖုံးဖိထားစရာ လုံးဝမလိုအပ်ပါဘူးနော်။ သင့်မှာ အစ်မတွေ အဒေါ်တွေရှိရင်လည်း သူတို့ကို ပွင့်ပွင့်လင်းလင်းပြောပြတိုင်ပင်လို့ရပါတယ်။ သူတို့က သင့်ကို အကြံဉာဏ်ကောင်းတွေပေးနိုင်မှာပါ။

သင့်ရာသီသွေးဟာ ၂ရက်ကနေ ရရက်အထိလာနိုင်ပြီး ၂ရက်အောက်ပဲလာမယ် ဒါမှမဟုတ် ရရက်ကျော်ပြီး မပြီးနိုင်မစီးနိုင်လာနေမယ်ဆိုရင်တော့ သင့်ရဲ့မေမေကို ဆရာဝန်နဲ့သွားပြဖို့ တောင်းဆိုပါ။ သင့်ရဲ့ရာသီသွေးဟာ အများကြီးလို့ သင့်စိတ်ထဲမှာ တွေးချင်တွေးပါလိမ့်မယ်။ သွေးတွေအများကြီးထွက်သွားတယ်လို့ ထင်ပေမယ့် ဒါက လက်ဖက်ရည်ဇွန်းသုံးဇွန်းစာပဲ ယေဘူယျအားဖြင့် ရှိပါသတဲ့။

သင့်ရဲ့ဓမ္မတာအတွက် မရှိမဖြစ်ရှိဖို့လိုတဲ့ပစ္စည်းတွေ ရှိပါတယ်။ ဒါတွေကတော့ လစဉ်သုံးပစ္စည်းရယ်၊ အကိုက်အခဲပျောက်ဆေးရယ်၊ သံဓာတ်အားဖြည့်ဆေးရယ်ပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ စျေးကွက်ထဲမှာ အလွယ်ဝယ်လို့ရတဲ့ Pad ကိုလူသုံးများပြီး Pad သုံးထားပြီး အပြင်သွားမယ်ဆိုရင်လည်း အိတ်ထဲမှာ အပိုတစ်ခုဆောင်ထားဖို့ သတိပေးပါရစေ။ သင့်ရဲ့ရာသီရက်မတိုင်ခင် ရက်အနည်းငယ်အလိုထဲက ထည့်ထားပါ။ နောက်တစ်ခုကတော့ မိန်းကလေးတိုင်း မခံစားရပေမယ့် ဓမ္မတာလာစဉ် ကိုက်ခဲတတ်တဲ့သူများအတွက်တော့ အကိုက်အခဲပျောက်ဆေးကို အမြဲဆောင်ထားပါ။ နောက်ပြီး သင့်ရဲ့ကိုယ်ထဲက သွေးတွေဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ကြောင့်လည်း သံဓာတ်အားဖြည့်ဆေးကို သောက်ဖို့မမေ့ပါနဲ့နော်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။