သွေးဆင်းစေတဲ့ အများဆုံးအကြောင်းအရာတွေထဲကမှ အချင်းရှေ့ရောက်တာ "Placenta Previa"ဆိုတာကို အသေးစိတ်ဖော်ပြပေးခဲ့ပြီးတဲ့နောက်မှာ အခုတစ်ခါမှာဆိုရင်တော့ အချင်းကွာတာ "Abruptio Placenta" ဆိုတာကို အသေးစိတ်ဖော်ပြပေးမှာဖြစ်ပါတယ်...။ အချင်းကွာတယ်ဆိုတာ...ပုံမှန်အတိုင်းရှိနေတဲ့အချင်းက အချိန်မတိုင်ဘဲ သားအိမ်နံရံကနေ ကွာလာတာကလည်း ကိုယ်ဝန်ဆောင်ကာလမှာ သွေးဆင်းရခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်းတစ်ခုပါပဲ...။ သူ့မှာမှ သုံးပုံနှစ်ပုံလောက်က Revealed Type (သွေးချည်းပဲဆင်းတာ) ၊ သုံးပုံတစ်ပုံကတော့ Concealed Type (အပြင်ဘက်ကို သွေးမဆင်းဘဲ သားအိမ်ထဲမှာ သွေးတွေစုပြီး အချင်းအောက်မှာ သွေးခဲတွေဖြစ်နေတာ) နဲ့ Mixed Type သွေးဆင်းတာရော၊ သွေးခဲစုတာပါဖြစ်တဲ့ အရောကတော့ တချို့တလေတွေ့ရတတ်ပါတယ်...။ အချင်းကွာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက-

(၁) သွေးပေါင်တက်တာ

(၂) ကိုယ်ဝန်ဆိပ်တက်တာ

(၃) ဆေးလိပ်သောက်တာ

(၄) ဗိုက်ကို ထိခိုက်မိတာ

(၅) ကိုကင်းလိုဆေးတွေ သုံးတာ

(၆) သွေးကြဲဆေးသောက်နေရတာ

(၇) ရေမြွာရေများတာ

(၈) ကလေးမွေးတာများတာ

(၉) အာဟာရချို့တဲ့တာ (အထူးသဖြင့် ဖောလိတ်ဓာတ်) စတာတွေကြောင့်ပဲဖြစ်ပါတယ်...။

Photo credit pngtree

အချင်းကွာနေတာ ဘယ်လိုသိနိုင်သလဲဆိုတာကတော့ လက္ခဏာတွေအနေနဲ့ပြောရမယ်ဆိုရင် ပြင်းပြင်းထန်ထန်ဗိုက်အောင့်လာပါလိမ့်မယ်...။ တစ်ကယ်လို့ "Revealed Type" ဆိုရင် မိန်းမကိုယ်ကနေ သွေးခဲမပါဘဲ မဲညစ်ညစ်သွေးတွေ ဆင်းလာပါမယ်...။ ပျို့မယ်၊ မူးမယ်၊ ဂဏာမငြိမ် ဖြစ်ပါမယ်...။ ကိုယ်ဝန်ဆောင်ကာလသွေးတိုးတာ၊ ဗိုက်ကို ထိခိုက်မိတယ်ဆိုတာမျိုး ကြုံတတ်ပါတယ်...။ လူနာကို စမ်းကြည့်တဲ့အခါ သွေးအဆင်းမများပေမယ့် လူက ဖျော့တော့အားနည်းနေတတ်ပါတယ်...။ သားအိမ်နံရံမှာ သွေးခဲတွေစုနေတဲ့အတွက် သားအိမ်ကိုကိုင်လိုက်ရင် မာမာတင်းတင်းဖြစ်နေပြီး အထိမခံနိုင်အောင် နာနေတတ်ပါတယ်....။ ကိုယ်ဝန်ဆောင်ကာလထက် သားအိမ်အရွယ်အစားက ပိုကြီးနေတတ်ပါတယ်....။ သားအိမ်ကို စမ်းရတာလည်း ခက်ပါတယ်။ ကလေးကတော့ ခေါင်းစိုက်နေပြီး အခြေအနေအရမ်းဆိုးရင်တော့ သန္ဓေသားက အထဲမှာ သေနေတတ်ပါတယ်...။

Photo credit pngtree

အချင်းကွာနေတာ နောက်ဆက်တွဲဘာတွေ ဖြစ်လာနိုင်သလဲဆိုတာကတော့....အမေမှာဆိုရင် သားအိမ်ကြီးမာတောင့်နေတတ်ပါတယ်...။ ဒါကို "Couvelaire Uterus" လို့ခေါ်ပါတယ်...။ မွေးပြီးသွေးသွန်တာ၊ ရှော့ရတာတို့ ဖြစ်နိုင်ပါတယ်...။ ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ဘဲ ဆီးသွားနည်းတာ၊ ဆီးမထွက်တော့တာတွေ ဖြစ်လာနိုင်ပါတယ်...။ DIC ခေါ် တစ်ကိုယ်လုံးမှာ ပြန့်ကြဲပြီးသွေးခဲတာ သားအိမ်ကွဲထွက်တာ၊ သွေးဆိပ်တက်တာ၊ "Sheehan’s Syndrome" လို့ခေါ်တဲ့ မီးတွင်းကာလမှာ ပစ်ကျူထရီဂလင်းလေး ပုပ်သွားတာမျိုးဖြစ်နိုင်ပါတယ်...။ အဆိုးဆုံးအနေနဲ့ မိခင်အသက်ပါ ဆုံးရှုံးနိုင်ပါတယ်...။ တစ်ခါဖြစ်ထားရင်လည်း ပြန်ဖြစ်တတ်ပါတယ်....။ ကလေးမှာဖြစ်လာနိုင်တာတွေကတော့ အချင်းရှေ့ရောက်ရင် ဖြစ်တာတွေနဲ့ တူပါတယ်....။ ကလေးအနေထားမမှန်တာ၊ လမစေ့ဘဲမွေးတာ၊ ကလေးကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးတာ၊ မွေးရာပါချို့ယွင်းမှုတွေပါလာတာ၊ ကလေးအသေမွေးတာ တွေအပြင် သန္ဓေသားအသက်ရှူ မဝတာကြောင့် အောက်ဆီဂျင်လုံလုံလောက်လောက်မရတာပါ ဖြစ်နိုင်ပါတယ်နော်....။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ “မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း(၃)" ကျန်းမာရေးဆောင်းပါးမှ ကိုယ်ဝန်ဆောင်ကာလအတွင်း သွေးဆင်းစေတဲ့ အများဆုံးအကြောင်းအရင်းတွေထဲကမှ အချင်းကွာတာ "Abruptio Placenta" အသေးစိတ်ကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။