ကိုယ်ဝန်ဆောင်တော့မယ့် မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ရှိလာတဲ့အခါ ပြောင်းလဲဖြစ်စဉ်လေးတွေကြောင့် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်လွန်ကဲမှုတွေဖြစ်တတ်ပါတယ်...။ ဘယ်လိုမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိတယ်၊ ဘယ်လိုမျိုးတွေကတော့ ပုံမှန်မဟုတ်ဘူးစသည်ဖြင့်ကြိုတင်သိထားတဲ့အခါမှာ စိတ်ပူနေရတာမျိုးတွေ မဖြစ်တော့ဖူးပေါ့နော်...။ သွေးကြောတွေထုံးတာနဲ့ လိပ်ခေါင်း၊ မိန်းမကိုယ်ယားယံတာနဲ့ အဖြူဆင်းတာ၊ ခြေလက်ထုံကျင်တာ၊ ခါးနာတာ အစရှိတဲ့ ပြောင်းလဲဖြစ်စဉ်မျိုးတွေ ကြုံတွေ့လာတဲ့အခါမှာ ကြားဖူးနားဝ ဆေးမြီးတိုနည်းလမ်းတွေနဲ့ အမှားတွေမလုပ်မိအောင်၊ များသောအားဖြင့် ကြုံတွေ့ရလေ့ရှိသော ကိုယ်ဝန်ဆောင်မိခင်များအတွက် ဖြေရှင်းဖို့နည်းလမ်းတွေကို ဖော်ပြဆွေးနွေးပေးသွားမှာဖြစ်ပါတယ်..။

photo credit pngtree

သွေးကြောတွေထုံးတာနဲ့ လိပ်ခေါင်း - ကိုယ်ဝန်ဆောင်ကာလ နောက်ပိုင်းမှာ ပိုဆိုးလာတတ်ပါတယ်...။ ပရိုဂျက်စတုန်း "Progesterone" က သွေးကြောရှုံ့ ကြွက်သားတွေကို လျော့စေပါတယ်...။ သားအိမ်က တဖြည်းဖြည်းလေးလံလာတာနဲ့အမျှ "Inferior Vena Cava" ဆိုတဲ့သွေးပြန်ကြောကို သွားဖိမိပြီး သွေးလျှောက်နှုန်းနှေးသွားတဲ့အတွက် သွေးပြန်ကြောတွေ တွန့်ခေါက်ကုန်တာဖြစ်ပါတယ်...။ အထူးသဖြင့် ခြေသလုံးတွေမှာ ဖြစ်လေ့ရှိပါတယ်...။ ဒီလက္ခဏာသက်သာအောင် "Compression stockings" ဆိုတဲ့နည်းနဲ့ ခြေထောက်က သွေးကြောတွေကို နှလုံးဆီသွေးလျှောက်အောင် ညှစ်ပေးတာမျိုး လုပ်လို့ရပါတယ်...။ ဒီနည်းဟာ လူတိုင်းနဲ့တော့ မသင့်တော်ပါဘူး...။ နာကျင်တာတွေကိုတော့ သက်သာစေမှာဖြစ်ပါတယ်...။ ရှားရှားပါးပါးအနေနဲ့ မိန်းမကိုယ်အတွင်းပိုင်းမှာလည်း ဒီလိုသွေးပြန်ကြောတွေ တွန့်ခေါက်တဲ့အခါ သွေးဆင်းတာတွေ၊ မီးဖွားတဲ့အခါ သွေးပြန်ကြောကို ထိခိုက်မိတာတွေ ဖြစ်တတ်ပါတယ်...။ ကိုယ်ဝန်ဆောင် တချို့တလေမှာဖြစ်တတ်တဲ့ လိပ်ခေါင်းကတော့ ဝမ်းချုပ်တာတွေကို ညှစ်ရလွန်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်...။ ဒါကြောင့် ဝမ်းမချုပ်အောင် ဂရုစိုက်ပေးရမှာပါ...။ လိပ်ခေါင်းဖြစ်လာရင်လည်း လိမ်းဆေးခရမ်လေးတွေ လိမ်းပေးလို့ရပါတယ်နော်...။

photo credit pngtree

မိန်းမကိုယ်ယားယံတာ နဲ့ အဖြူဆင်းတာ - မိန်းမကိုယ်ထဲကို "Candida" ဆိုတဲ့ မှိုပိုးဝင်တဲ့အခါ အဖြူအဖက်ဖက်တွေဆင်းပြီး ယားလည်းယားယံလာပါတယ်...။ အဲဒါဆိုရင် "Clotrimazole" လိမ်းဆေးဖြစ်ဖြစ်၊ မိန်းမကိုယ်ထဲဆေးပြားထည့်တာဖြစ်ဖြစ် ကုသနိုင်တာဖြစ်ပါတယ်...။ ဒီလိုအဖြူတွေဆင်းတာမဟုတ်ဘဲ စိမ်းဖန့်ဖန့်၊ ဝါကြန့်ကြန့်အရည်တွေဆင်းပြီး ယားယံတာဆိုရင်တော့ "Trichomonas" ဆိုတဲ့ ကပ်ပါးကောင်ကြောင့်ဖြစ်ပြီး "Metronidazole" ကိုလိမ်းပေးရမှာဖြစ်ပါတယ်...။ ခြေလက်ထုံကျင်တာ - အထူးသဖြင့် လက်ချောင်းလေးတွေ ထုံကျင်နေတတ်ပါတယ်...။ လက်ကောက်ဝတ် အတွင်းထဲက "Median Nerve" အာရုံကြောကို ဖိမိတာကြောင့်ပဲဖြစ်ပါတယ်...။ ဖြစ်တဲ့လက်ကို ကျပ်စည်းပေးရင်သက်သာပါတယ်...။ ဒါမှမဟုတ်လည်း မွေးပြီးမှ ကုသမှုခံယူကြတာမျိုးလည်းရှိပါတယ်...။ ခွဲစိတ်ရတာမျိုးကတော့ အလွန်ရှားပါးတဲ့ အနေထားမျိုးမှာမှ လုပ်ရတာဖြစ်ပါတယ်...။ ခါးနာတာ - ကိုယ်ဝန်ကြောင့် ခါးကော့နေတဲ့အတွက်ရော အရွတ်တွေကြောင့်ပါ ခါးနာတတ်တာဖြစ်ပါတယ်...။ ဒါကြောင့် နားနားနေရမှာပါ...။ ခါးကို ပုံသဏ္ဍာန်အမှန်အတိုင်းဖြစ်အောင် ထားပေးရမှာဖြစ်ပါတယ်...။ ဖိနပ်အမြင့် စီးတာ၊ အလေးအပင်မတာတွေကို ရှောင်ရမှာပါ...။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာနဲ့ အကိုက်ခဲပျောက်ဆေးလေးတွေ သောက်ပေးတာကလည်း သက်သာစေပါတယ်...။ တခြားဖြစ်တတ်တာလေးတွေအနေနဲ့ကတော့ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ရင်သားတင်းတာ၊ နာတာ၊ ပင်ပန်းတာ၊ နှာခေါင်းသွေးလျှံတာ၊ ခြေထောက် ကြွက်တက်တာ၊ ညဘက်အိပ်မပျော်တာ၊ ဝမ်းဗိုက်အကြောတွေ ပြတ်တာ၊ အဆီဖုလေးတွေနဲ့ အသားယားယံတာတွေလည်း ဖြစ်တတ်ပါသေးတယ်နော်...။ ဒါတွေအားလုံးဟာ စိုးရိမ်စရာမလိုဘဲ ကိုယ်ဝန်ရှိလာတာကြောင့် ပြောင်းလဲလာတဲ့ ပုံမှန်ဇီဝကမ္မဖြစ်စဉ်လေးတွေ ဖြစ်ပြီး အခုဖော်ပြထားတဲ့အတိုင်း လိုက်နာဂရုစိုက်ပေးရုံ၊ အာဟာရပြည့်အောင် စားသောက်နေထိုင်ပြီး နားနေရုံနဲ့ သက်သာနိုင်မှာဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူ ရေးသားထားတဲ့ “မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း(၁)" ကျန်းမာရေးဆောင်းပါးမှ ကိုယ်ဝန်ဆောင်ကာလအတွင်း ပြောင်းလဲဖြစ်စဉ်များနှင့် ဖြေရှင်းဖို့နည်းလမ်းကောင်းလေးတွေကို ပြန်လည်ကူးယူ မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree  

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။