ပြည်တွင်းရေကြီးမှုတွေကြောင့် ပျက်ဆီးဆုံးရှုံးမှုများစွာနှင့်အတူ သောက်သုံးရေနဲ့ မီးရရှိမှုတွေကို ထိခိုက်စေခဲ့ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးတင်နုနှင့် မြိတ်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး၊ တနင်္သာရီမြို့နယ်ဦးစီးမှူး ဦးညီညီဝင်းနှင့် ဝန်ထမ်းများသည် ဒီကနေ့ နံနက် ၉ နာရီအချိန်က တနင်္သာရီမြို့နယ်အတွင်း မြစ်ရေကြီးစဉ်က ရေကြီးနစ်မြုပ်ခဲ့သည့် အများသုံး ရေတွင်းများအား တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေမှုတ်သန့်စင်နေမှု လုပ်ငန်းနှင့် NEP မီးလင်းရေးစီမံကိန်း ဆိုလာ တပ်ဆင်ခြင်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ 

ရှေးဦးစွာ တိုင်းဦးစီးနှင့်အဖွဲ့သည် အရှေ့မော်တုန်းကျေးရွာအုပ်စု-မြို့ဟောင်းကျေးရွာနှင့်အရှေ့စုကျေးရွာရှိ အများသုံး သောက်/သုံး ရေတွင်းများတွင် ရေမှုတ်သန့်စင်ပေးနေမှုနှင့် ၎င်းကျေးရွာအုပ်စု-အနောက်စုကျေးရွာ နေအိမ်များတွင် NEP မီးလင်းရေးစီမံကိန်းဆိုလာ တပ်ဆင်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ထို့နောက် သပ်ရပ်သေချာစွာ တပ်ဆင်ပေးပြီး ဒေသခံများ အန္တရာယ်ကင်းစွာ လက်တွေ့သုံးစွဲနိုင်ရန် သင်ကြားပြသပေးရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။  

အရှေ့မော်တုန်းကျေးရွာ အုပ်စုတွင် ကျေးရွာ(၇)ရွာအတွက် (၆ဝ)ဝပ်(၂၄၈)ခုနှင့် (၁ဝဝ) ဝပ် (၁၄၅)ခု စုစုပေါင်း NEP ဆိုလာ(၃၉၃) ခု အား တပ်ဆင်ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရပါတယ်။ ဆက်လက်၍ တိုင်းဦးစီးမှူးသည် တနင်္သာရီမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်) စက်ဝန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဇဝဲကျေးရွာအုပ်စု-ဆန်းသစ်ကျေးရွာ၌ ဘက်စုံသုံးကျေးရွာခန်းမ တည်ဆောက်နေမှုနှင့် ဘန်းလမွတ် ကျေးရွာအုပ်စု-ညောင်ပင်ကုန်းကျေးရွာတွင် စာသင်ကျောင်းဆောင် ဆောက်လုပ်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။