ချစ်တင်းနှောတယ်ဆိုတဲ့ကိစ္စဟာ အမြဲတမ်းတော့ သက်တောင့်သက်သာ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်လေတော့လည်း စိတ်ကသိကအောက်ဖြစ်စေတဲ့အရာတစ်ချို့နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ချစ်တင်းနှောခြင်းနဲ့ပတ်သက်ပြီး သင့်မှာ တိုင်ပင်စရာလူမရှိတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းလေ့ရှိပါသလဲ။ အထူးသဖြင့် မြန်မာနိုင်ငံက မိန်းမသားအများစုဟာ ချစ်တင်းနှောခြင်းရဲ့ နောက် ဆက်တွဲ အကျိုးသက်ရောက်မှုတွေ၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ မိန်းမရောဂါတစ်ချို့ကို ရင်ဆိုင်ရတဲ့အခါမှာတော့ အရှက်အကြောက်ကြီးတဲ့ မြန်မာလူမျိုးတို့ရဲ့ထုံးစံအတိုင်း ကယ်ရာကူရာမဲ့နေကြမှာကို ကျွန်မစိုးရိမ်မိပါတယ်။ အဲဒါကြောင့် ဒီကနေပြီးတော့ မိန်းမသားတွေနဲ့ ချစ်တင်းနှောခြင်းရဲ့ကြားထဲက အဖြစ်အများဆုံး လူမှုရေးပြဿနာတွေ၊ ကျန်းမာရေးပြဿနာတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာ အမေးအဖြေလေးတွေကနေတစ်ဆင့် သင်ဟာ ပုံမှန်ပဲလား ဒါမှမဟုတ် ကုသမှုတစ်ခုခုလိုအပ်နေပြီလား ဆုံးဖြတ်လိုက်ပါ။

“တစ်ခါတစ်လေ ကျွန်မချစ်သူနဲ့ချစ်တင်းနှောတဲ့အခါမှာ စိတ်မပါသလိုခံစားနေရတယ်။ ကျွန်မရင်ထဲမှာ စီးမျောမှုတွေ၊ ချစ်ဆိပ်တတ်တာမျိုးတွေတောင် မရှိတော့သလိုပါပဲ။ ကျွန်မရဲ့ချစ်သူကို စိတ် ကျေနပ်မှုအပြည့်အဝရအောင် အကောင်းဆုံးစွမ်းဆောင်ပေးချင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ကိုးရိုးကားယားနိုင်တယ်လို့ပဲ ထင်နေမိတယ်။ အဲဒါ ဖြစ်လေ့ဖြစ်ထရှိတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်နေလို့လား”

စိတ်မပူပါနဲ့။ ချစ်တင်းနှောရာမှာ စိတ်ပါဝင်စားမှုမရှိတာလောက်နဲ့တော့ မူမမှန်တဲ့ရောဂါတစ်ခုခုဖြစ်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်တစ်ကြိမ်ချစ်တင်းနှောတဲ့အခါကျရင်တော့ ဘယ်လိုကိုယ်နေဟန်ထားမျိုးနဲ့ ဆက်ဆံတာဟာ သင့်ကို စိတ်ကျေနပ်မှုပေးနိုင်မလဲဆိုတာကိုတော့ သင်တို့ချစ်သူနှစ်ယောက်လုံး ရှာဖွေကြည့်ရပါလိမ့်မယ်။ ဒီပြဿနာမှာ အများဆုံးဖြစ်နိုင်ချေကတော့ သင်တို့ ချစ်တင်းနှောတဲ့ကိုယ်နေဟန်ထားက နှစ်ယောက်လုံးအတွက် စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်မယ့်ပုံစံမျိုး မဖြစ်လို့ပဲ နေမှာပါ။ အရေးအကြီးဆုံးကတော့ သင်ဟာ ဘယ်လိုပုံစံမျိုးဆက်ဆံတာ သဘောကျတယ်ဆိုတာ ချစ်သူကို ပြောပြထားသင့်ပါတယ်။၊ နောက်တစ်ခုကတော့ ကိုယ်ခန္ဓာမှာ လာပွတ်သပ်ရင် မနေတတ်တဲ့နေရာမျိုးတွေ၊ ချစ်တင်းနှောနေစဉ်အတွင်း ရှက်တတ်တဲ့အပြုအမူမျိုးတွေ ရှိနေရင်လည်း ကြိုတင်ပြောပြထားသင့်ပါတယ်နော်။

“ချစ်တင်းနှောနေတဲ့အချိန်တွေမှာ ကျွန်မစိတ်အရမ်းလှုပ်ရှားပြီး ဆက်ဆံပြီးသွားတဲ့အခါမျိုးမှာလဲ ငိုချင်သလိုလို ဖြစ်လာတယ်။ အဲဒါက စိတ်ရောဂါတစ်ခုခုများလား”

ဒါမျိုးတွေက တစ်ခုခုဖြစ်နေတာမျိုးမဟုတ်ပါဘူး။ လုံးဝပုံမှန်ပါပဲ။ ချစ်တင်းနှောတယ်ဆိုတာ မိန်းမသားတွေရဲ့စိတ်ခံစားမှုမျိုးစုံကို နှိုးဆွပေးလေ့ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာဘက်ကကြည့်မယ်ဆိုရ င်လည်း မိန်းမသားတစ်ဦးဟာ စိတ်ဆန္ဒပြီးမြောက်ပြီဆိုရင် Oxytocin, Dopamine နဲ့ Norepinephine စတဲ့ Neutrochemical  တွေယိုစိမ့်လာတဲ့အခါ မိန်းမသားတွေရဲ့ဦးနှောက် က သာမာန်ထက်ထူးခြားတဲ့စိတ်ခံစားမှုတွေ အများကြီးဖြစ်ပေါ်လာနိုင်တယ်လို့ဆိုထားတဲ့အတွက် ဒါတွေအားလုံးဟာပုံမှန်ပါပဲ။ ဒါပေမယ့်လည်း တစ်ခုရှိတာကတော့ ချစ်တင်းနှောပြီးတဲ့အခါတိုင်း သင့်ရဲ့မျက်နှာက ရင့်ရော်သွားသလိုခံစားရတာမျိုးတွေဖြစ်လာမယ်၊ စိတ်ပင်ပန်းနွမ်းနွယ်မှု အပြင်းအထန်ခံစားရမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့သွားရောက်တိုင်ပင်သင့်တယ်လို့ အကြံ ပေးပါရစေ။

“တစ်ခါတစ်လေဆို ချစ်တင်းနှောပြီးရင် ကျွန်မမိန်းမကိုယ်ကနေ သွေးနည်းနည်းဆင်းလေ့ရှိတယ်။ အရမ်းအများကြီးတော့ မဟုတ်ပေမယ့် ဒါမိန်းမရောဂါတစ်ခုခုဖြစ်နေတာလား စိုးရိမ်မိတယ်”

ချစ်တင်းနှောနေစဉ် ဘယ်လိုပုံစံမျိုးနဲ့ပဲ သွေးဆင်းပါစေ။ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ သွားရောက်ပြသတာဟာ အကောင်းဆုံးပါပဲ။ ချစ်တင်းနှောနေစဉ် ဒါမှမဟုတ် ချစ်တင်းနှောပြီးရင်သွေးဆင်းတာ မျိုးတွေဟာ သာမာန်ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါဟာ ပုံမှန်မဟုတ်တဲ့လက္ခဏာတွေဖြစ်နေပြီး လိင်အင်္ဂါမှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တာမျိုး ဒါမှမဟုတ် သားအိမ်ခေါင်းနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်တာမျိုး ဖြစ်နိုင်လေ့ရှိပါတယ်။ တစ်ချို့သွေးဆင်းခြင်းတွေဆိုရင် သားအိမ်ခေါင်းကင်ဆာရောဂါရဲ့ ကနဦးရောဂါလက္ခဏာအထိဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း ဆယ်ကျော်သက် မိန်းကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာဆိုရင်တော့ သားအိမ်အနေအထားအပြောင်းအလဲကြောင့် ချစ်တင်းနှောပြီးနောက် သွေးအနည်းငယ်ဆင်းလေ့ရှိပါတယ်။ ဒါမျိုးဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူးနော်။

“ဓမ္မတာလာမယ့်ရက်နီးနေတာမျိုးလည်းမဟုတ်ပဲနဲ့ ချစ်တင်းနှောပြီးတိုင်း ဗိုက်အောင့်လေ့ရှိတယ်။ အဲဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပဲလား”

ဒါသိပ်ပြဿနာဖြစ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ချစ်တင်းနှောပြီးတိုင်း ဗိုက်အောင့်တယ်ဆိုတာဟာ ဖြစ်နိုင်ချေအများဆုံးကတော့ သင့်ရဲ့သားအိမ်ထိပ်ဟာ ချစ်တင်းနှောနေစဉ်အတွင်း အမျိုးသားရဲ့လိင်အင်္ဂါ၊ လက်ချောင်းတွေ ဒါမှမဟုတ် Sex Toy များနဲ့ ထိခိုက်မိတာဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်က ဆီးအိတ်အတွင်း မသက်မသာဖြစ်တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာသက်သာချင်တယ်ဆိုရင်တော့ ချစ်တင်းမနှောခင် ဆီးအိတ်လေးနေတာမျိုးမဖြစ်ရအောင် အရင်အပေါ့သွားထားသင့်ပါတယ်။ အခုပြောတဲ့နည်းလမ်းတွေကို ဂရုစိုက်ပြီး လုပ်ကြည့် တာတောင် ဗိုက်အောင့်တာမသက်သာသေးပဲ သိသိသာသာဆက်အောင့်နေတုန်းပဲဆိုရင်တော့ သားအိမ်အမြှေးယောင်တာမျိုး၊ သားအိမ်မှာအသားလုံးတည်ထာမျိုး၊ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး စတဲ့ ငုတ်လျှိုးပြီး တိတ်တိတ်လေးတိုက်ခိုက်တတ်တဲ့အမျိုးသမီးကျန်းမာရေးပြဿနာတွေ ဖြစ်နေတတ်တာမို့ ဆေးခန်းသွားဖို့ တိုက်တွန်းပါရစေ။

“ကျွန်မက ကလေးမွေးရတော့မယ့် ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုတော့ ကလေးမွေးပြီးနောက်ပိုင်း မိန်းမကိုယ်ပုံစံပြောင်းသွားတာမျိုး ရှိတတ်လား အရမ်းသိချင်တယ်။ အကယ်၍ပုံစံပြောင်းသွား မယ်ဆိုရင်ရော ချစ်တင်းနှောရာမှာ ပြောင်းလဲမှုတွေကို ဖြစ်သွားစေနိုင်လား”

မိန်းမကိုယ်ပုံစံပြောင်းလဲမှုကို မခံယူရပဲနဲ့ ကလေးတစ်ယောက်ကို ရိုးရိုးမွေးဖွားပေးနိုင်တဲ့မိန်းမတော့ မရှိသေးပါဘူး။ ဒါပေမယ့် ပြောင်းလဲသွားလို့လည်း ဝမ်းနည်းစရာမလိုပါဘူး။ ကလေးလေးတွေကို ရိုးရိုးမွေးပေးရတဲ့မိန်းမသားတွေက မိန်းမကိုယ်ကြွက်သားတွေကို ဆန့်ထုတ်ပေးလိုက်ရတယ်။ ဒါပေမယ့်လည်း မိန်းမကိုယ်ကြွက်သားတွေရဲ့ အဆန့်အကျုံ့လုပ်နိုင်စွမ်းကြောင့် မူလအနေအထားကို ပြန်ရောက်နိုင်ပါတယ်။ ဒီနေရာမှာတော့ သင့်ရဲ့ကလေးအရွယ်အစား၊ မွေးဖွားချိန်ညှစ်အားနဲ့ ကြွက်သားတွေရဲ့ အဆန့်အကျုံ့လုပ်နိုင်စွမ်းအားတွေအပေါ်မူတည်ပြီး မူလအခြေအနေကို ပြန်ရောက်ဖို့ခြောက်ပတ်ကနေ ရှစ်ပတ်အထိ ကြာနိုင်ချေရှိတယ်လို့ ဆိုပါတယ်။ အမြန်ဆုံးပုံမှန်အနေအထားပြန်ရောက်ချင်တဲ့သူတွေကတော့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်းတွဲ ယူနိုင်ပါတယ်။ စိတ်ပူမနေပါနဲ့။ ကလေးမွေးပြီးတဲ့အခါမှာ သင်တို့နှစ်ယောက်ရဲ့ ချစ်တင်းနှောမှုက အရင်ကထက်ပိုပြီး ကျန်းမာရေးအရပိုမိုကောင်းမွန်လာနိုင်တာသာမကပဲ ပျော်ရွှင်မှုပိုရလာနိုင်ပါတယ်နော်။

“ချစ်တင်းနှောနေစဉ်အတွင်း ကျွန်မဘက်က စိတ်ဆန္ဒပြည့်ဝသွားတယ်လို့ တစ်ခါမှမရှိခဲ့ဘူး။ ဒါကျွန်မ ဒါမှမဟုတ် ကျွန်မရဲ့ချစ်သူဘက်က လိုအပ်ချက်ပဲလား။ ဆေးခန်းသွားပြသင့်ပြီလား”

ဒီလိုဖြစ်စဉ်မျိုးခံစားနေရတဲ့မိန်းမသားက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ချစ်တင်းနှောတဲ့မိန်းမသား ၁ဝဝရာခိုင်နှုန်းမှာ ၂၁ရာခိုင်နှုန်းသာ ချစ်တင်းနှောနေစဉ် စိတ်ဆန္ဒပြည့်ဝလေ့ရှိကြပြီး ၇၉ရာခိုင်နှုန်းကတော့ တစ်ခါတစ်လေ ဒါမှမဟုတ် အမြဲလိုလို စိတ်ဆန္ဒပြည့်ဝမှုမရှိကြပါဘူးတဲ့နော်။ မိန်းမသားအများစုအတွက် ချစ်တင်းနှောနေစဉ် စိတ်ဆန္ဒပြည့်ဝနိုင်ဖို့ဆိုရင်တော့ သင့်ကို အချစ်ဆိပ်တတ်စေမယ့် လှုံ့ဆော်မှုတွေ လိုအပ်ပါတယ်။ သမားရိုးကျပုံစံကြီးနဲ့ ချစ်တင်းနှောနေသရွေ့တော့ စိတ်ဆန္ဒပြည့်ဝဖို့ဆိုတာ ခက်ခဲနေပါလိမ့်မယ်။ ဒါကြောင့်မို့လို့ သင်ဟာ ချစ်တင်းနှောနည်း လေ့ကျင့်ခန်းတွေကို လုပ်ရတာဝါသနာပါတဲ့သူဆိုရင်တော့ သင်တို့နှစ်ယောက်လုံး အတူတူစိတ်ဆန္ဒပြီးမြောက်နိုင်ဖို့အတွက် အရင်ကမလုပ်ဖူးတဲ့ကိုယ်နေဟန်ထားမျိုးတွေနဲ့ ကြိုးစားနေကြည့်သင့် ပါတယ်။

“ကျွန်မ သူငယ်ချင်းတွေပြောတာတစ်ခုကြားဖူးတယ်။ မိန်းမကိုယ်ပုံစံအမျိုးမျိုးရှိတယ်တဲ့။ အဲဒါဆိုရင် ကြည့်ရဆိုးတဲ့ မိန်းမကိုယ်ပုံစံဆိုတာရော  ရှိတာလား”

မိန်းမကိုယ်ပုံစံဆိုတာကတော့ မိန်းမတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ မိန်းမသားအများစုကတော့ သူတို့ရဲ့မိန်းမကိုယ်ပုံစံအတွက် စိုးရိမ်ကြောင့်ကြမှု အနည်းနဲ့အများတော့ ရှိကြတာ ချည်းပါပဲ။ အများအားဖြင့်တော့ မိန်းမကိုယ်ပုံစံကွာခြားတယ်ဆိုတာကလည်း အထူအပါး၊ အကြီးအသေး၊ မျက်နှာပြင်အထိအတွေ့ကွာခြားမှုတွေနဲ့ ပန်းရောင် ဒါမှမဟုတ် အညိုရောင်စသည်ဖြင့်အရောင်အသွေးကွာခြားမှုတွေကိုပြောတာပါ။ သင်တို့ရဲ့ မိန်းမကိုယ်ဟာ ဘယ်လိုပုံစံမျိုးတွေပဲဖြစ်နေပါစေ ပုံစံတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက်တူညီမှုမရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ သင်ဟာတခြားသူမှာမရှိနိုင်တဲ့ အလှတရားကိုပိုင်ဆိုင်ထားတဲ့သူပါ။ ဘာမှစိတ်ပူနေစရာမရှိပါဘူး။ ကိုယ်လုံးပေါ်မှန်တစ်ချပ်ရှေ့မှာရပ်ပြီး သင့်ရဲ့ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ကို ကြည့်ကြည့်ပါ။ သင်ဟာ မတူထူးခြား တဲ့သူတစ်ဦးဖြစ်နေပြီး ဆွဲဆောင်မှုရှိနေပါတယ်။

“ကျွန်မ ချစ်တင်းနှောနေစဉ်အခါတိုင်းမှာ မိန်းမကိုယ်က နာကျင်နေတတ်တယ်။ အဲဒါက ဖြစ်လေ့ဖြစ်ထရှိတာပဲလား။ ဒါပုံမှန်မဟုတ်တဲ့ ရောဂါတစ်ခုခုများ ဖြစ်နေတာလား”

သင့်အတွက် သတင်းကောင်းတစ်ခုကတော့ သင်တစ်ယောက်တည်းဖြစ်နေတာတော့ မဟုတ်ဘူးဆိုတာပါပဲ။ မိန်းမသားအတော်များများက ချစ်တင်းနှောနေစဉ် နာကျင်တဲ့ဝေဒနာကို ခံစားရနိုင် ပါတယ်။ ဒါဟာ သင်တို့ဆက်ဆံတဲ့ ကိုယ်နေဟန်ထား၊ အမျိုးသားရဲ့လိင်အင်္ဂါအရွယ်အစား စတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ တစ်ခါတစ်ရံ ဓမ္မတာလာခါနီးအချိန်မျိုးမှာ ဆက်ဆံမိရင်လည်း ဝမ်းဗိုက်နဲ့ သားအိမ်ကနာကျင်တာမျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမယ့်လည်း ရာသီလာပြီးသွားတဲ့အခါမျိုးမှာတောင် ဆက်တိုက်နာကျင်နေမယ် ဒါမှမဟုတ် ချစ်တင်းနှောပြီး အပေါ့သွားတဲ့အချိန်တွေမှာ နာကျင်မှုတွေ ဆက်တိုက်ခံစားနေရဦးမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသသင့်တယ်လို့ အကြံပေးပါရစေရှင်။

ချစ်တင်းနှောခြင်းနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း သိပ်အများကြီးမရှိပါဘူး။ အဓိကအားဖြင့်တော့ နှစ်ချက်တည်းပါပဲ။ အဲဒါတွေကတော့ ကျန်းမာဖို့နဲ့ ပျော်ရွှင်ဖို့ပဲ ဖြစ်ပါတယ်။ မိန်းမသားတွေဟာ အရွယ်ရောက်ပြီးချိန်ကစပြီး စည်းကမ်းတင်းကျပ်ပြီး ရှေးဆန်တဲ့မိသားစုဘိုးဘွားတွေကြားမှာ ဘယ်လိုပဲ နေထိုင်လာကြရပါစေ အမျိုးသမီးရောဂါနဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ  ပတ်သက်ပြီး တစ်ခုခုလွဲမှားနေပြီလို့ ခံစားရပြီဆိုရင်တော့ တစ်ယောက်တည်းကျိတ်ဖြေရှင်းမနေပဲ ကျွမ်းကျင်ပညာရှင်များနဲ့ ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးကြပါလို့။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။