၁။ ဆရာရှင့် သမီးအသက်၂၇ ပါ။ အပျိုပါရှင့်။ ရာသီမလာသေးလို့ပါရှင့်။ သမီးကပုံမှန်ဆိုရာသီ ၁၅ ရက်နေ့ဆို လာပါတယ်ရှင့်။ ၂၁ ရက်ဆေးခန်းသွားပြတော့ သွေးပေါ်ဆေးထိုးပေးလိုက်ပါတယ် စားဆေးလည်း သုံးခွက်စာပါပါတယ်။ ဆေးစာအုပ်မပေးလို့ ဘာဆေးမှန်းမသိပါဆရာရှင့်။ ဒီနေ့ဆို ဆေးထိုးပြီးတာ ၅ ရက်ရှိပါပြီ။ ခုထိရာသီမလာသေးလို့ ဘာဆေးစားရမလဲညွှန်ကြားပေးပါရှင့် အရင်က နောက်ကျရင် ၃ရက်ထက်မပိုပါရှင့် ခုက ၁၁ရက်တောင်လွန်နေပါပြီ ကျေးဇူးပြု၍ ဖြေကြားပေးပါဆရာရှင့်။

၂။ ဆရာရှင့် သမီးအသက်က ၃၇ ပါ။ အပျိုပါ။ ရာသီမမှန်လို့ပါရှင် အရင်ကတလကို ၂ ခါ ဒါမှမဟုတ်၂ လကို ၃ ခါ လာပါတယ်။ အခု ၃ လခြား ၂ လာခြားတခါလာတယ်။ ပုံမှန်လာအောင် ဘယ်လိုနေထိုင်စားသောက်ရမလည်း ဒါမှမဟုတ် ဘာဆေးများစားရမလည်းရှင့်။ မသိလို့ပြန်လည်ဖြေကြားပေးစေလိုပါတယ်ရှင့်။

၃။ ဆရာရှင့် ဗဟုသုတအနေနဲ့မေးကြည့်ချင်တာလေးရှိလို့ပါ။ အသိမိန်းခလေးတစ်ယောက် အသက်က ၂၈ ပါ။ သူက အပျိုဖြစ်ကတည်းက ရာသီ မလာဘူး။ ဆေးရုံလည်းတက်ပြဘူးပါတယ်။ ရာသီမလာဘဲ အိမ်ထောင်လဲပြုပါတယ်။ ၄ နှစ်လောက်ရှိပါပြီ။ လူကတော့ပိန်ချုံးပြီး ကျန်းမာရေးမကောင်းပါဘူး။ အဲ့ဒါဆရာ မိန်းကလေးတယောက်ကတသက်လုံး ရာသီမပေါ်တဲ့ရောဂါရှိပါသလားဆရာ။ စိတ်ဝင်စားလို့မေးကြည့်တာပါဆရာ။ ကျေးဇူးတင်ပါတယ်။

၄။ ဆရာရေ တူမလေးအတွက် မေးချင်လို့ပါ။ သူက ၁၃ နှစ်လောက်မှာ ရာသီလာပါတယ်။ စလာကတည်းက မမှန်ပါဘူး။ ၂ လခြား ၃ လ ခြားလည်း ဖြစ်တတ်ပါတယ်။ ခု ၁၇ ပြည့်တော့မယ် လုံးဝ မလာတာ ၈ လ ရှိသွားပါပြီ။ ဆေးခန်းမှာ ဆေးသောက် ဆေးထိုးလည်း လုပ်ပီးပါပီ။ ultrasound ရိုက်တော့လည်း ဘာမှ မတွေ့ဘူး။ ခု မြန်မာသွေးဆေးတို့ ဘာတို့ သောက်ဖို့ လုပ်နေပါတယ်။ အဲဒါ ဘာဖြစ်တာလဲဆရာ။ ဘာဖြစ်တတ်လဲဆရာ။ ဘာတွေ လုပ်ဖို့လိုပါသလဲ။

၅။ ဆရာရှင့် သမီးဆီးလည်းစစ်တာ ၂ ခါရှိပါပြီ။ ရာသီမလာတာလည်း ၁ လပြည့်ပါတော့မယ်။ ဆီးစစ်တာလည်း မျဉ်းတကြောင်းဘဲ ပေါ်ပါတယ်ဆရာ။ အဲ့လိုမျိုး ဖြစ်တတ်ပါသလားရှင်။ မလာရင်ဘယ်လိုမျိုးဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲရှင်။ ရာသီလာအောင် ဘယ်လိုမျိုးလုပ်သင့်ပါသလဲဆရာ။ အရင်က တကြိမ်တခါမျှ အခုလို မဖြစ်ဘူးပါဘူးရှင်။ ပြီးခဲ့တဲ့ ၉ လပိုင်းထဲက မလာတာပါ ခုဆိုရင် ၁ လပြည့်တော့မယ်ဆရာ။ သမီးကိုယ်တိုင်က ကလေးမလိုချင်စိတ်များနေရင်ကော ဖြစ်တတ်ပါသလားဆရာ။

၆။ ဆရာကျွန်မအသက်က ၃၅ ပါ။ အိမ်ထောင်ကျတာ ၈ နှစ်ရှိပါပြီဆရာ။ ကလေးမရှိပါ။ ၂ဝ၁ဝ ကနေ ၂ဝ၁၂ လောက်ထိ မာဘလွန်၂၈ သောက်ပါတယ်ဆရာ။ ၂ဝ၁၃ လောက်ကစပြီး မသောက်တော့ပါ။ မသောက်တော့သည့်လမှစပြီး ရာသီ မလာတာခုထိပါဆရာ။ ကျန်ခဲ့တဲ့ ၆ လလောက်က မာဘလွန် ပြန်သောက်တော့ ပြန်လာပါတယ်ဆရာ။ အဲဒိနောက်ပိုင်း မသောက်တော့ မလာတော့ပါဘူးဆရာ။ ဆေးခန်းတခေါက်ပြဖူးပါတယ်ဆရာ scan လဲဖတ်ပါတယ်ဆရာ။ ဗိုက်ထဲမှာတော့ အလုံးတို့ဘာတို့မရှိဘူး ပြောပါတယ်။ ဆေးပေးပါတယ်ဆရာ။ သောက်လို့ကုန်တဲ့အထိ ရာသီမလာပါဘူးဆရာ။ နောက်တခေါက် မသွားတော့ပါဆရာ။ ့့့့့ မှာက ဆေးခန်းတခေါက်သွားတာ ၂၅ဝ ကျော်ကျလို့ပါဆရာ။ ဘာဆေးများ ဝယ်သောက် ရမလဲဆရာ။ စိုးရိမ်စရာရှိပါသလားဆရာ။

၇။ ကျွန်မ တားဆေးကို နှစ်နှစ်ခန့်သောက်ခဲ့ပြီးနောက် ဆေးကို ရပ်လိုက်ပါတယ်။ သောက်လက်စ ဆေးကဒ်အကုန် ရာသီလာအပြီးမှာ နောက်တစ်ကဒ် မသောက်တော့ဘဲ ရပ်လိုက်တာပါ။ အခု တစ်လနေတော့ ရာသီလာရမယ့် အချိန်မှာ မလာဘဲဖြစ်နေပါတယ်။ ရက်ကျော်တာ (၇) ရက်ရှိပါပြီ။ Test နဲ့ စစ်ကြည့်တော့လည်း Negative ဖြစ်နေပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ။ ဆေးခန်း သွားဖို့လိုမလား။ လမမှန်ရင် ကလေးရောရနိုင်ပါ့မလား သိချင်ပါတယ်။

၈။ ကျမညီမလေး၊ အသက် ၃ဝ၊ အပျို၊ ရာသီမလာတာကြာနေလို့ (့့့့့) ကို သွားကုတာ၊ တားဆေး သောက်ခိုင်းတယ်။ သောက်နေတုံးမှာ လာတယ်။ မသောက်တော့ မလာတော့ပြန်ဘူး။  

ဆရာအဖြေ….

ရာသီထိန်တာ ရာသီမလာတာ ရောဂါလက္ခဏာတခုသာ ဖြစ်တယ်။ ရာသီမလာစေတဲ့ အခြေခံတခုခု ရှိမယ်။ ရာသီမလာခြင်း (၂) မျိုးရှိတယ်။

၁။ Primary Amenorrhea မွေးကတည်းက ရာသီမလာတာ နဲ့

၂။ Secondary amenorrhea အရင်ကလာဘူးပြီး နောက်မှာမလာတာ။

၁။ မွေးကတည်းက ရာသီတခါမှ မလာသေးခြင်း

မိန်းကလေးတယောက် အရွယ်ရောက်ချိန် ဖြစ်ပါရက်နဲ့ ၁၆ နှစ်သမီးလောက်အထိ ရာသီတခါမှ မလာတာကို ခေါ်တယ်။ အပျိုဖြစ်နောက်ကျတာ ဖြစ်နိုင်တယ်။ လူကသိပ်ပိန်နေသူတွေ၊ အားကစား ပြင်းပြင်းထံထံ လုပ်သူတွေ၊ ငယ်ငယ်ကတည်းက (ဘဲလေး)၊ (မာရသွန်)၊ ဂျွမ်းဘားကစားတဲ့ မိန်းကလေးတွေမှာ ရာသီလာတာ နောက်ကျတတ်တယ်။

အဲဒါတွေ မဟုတ်ရင် ရောဂါတခုခုကို စဉ်းစားရမယ်။

• မွေးရာပါ မျိုးပွါးအင်္ဂါတွေ ချို့ယွင်းနေတာ၊ ဥပမာ သားအိမ် မပါတာ၊ ဗဂျိုင်းနား မပါတာ၊ ဗဂျိုင်းနား အခန်း ၂ ကန့် ဖြစ်နေတာနဲ့ အပျိုမှေး ပိတ်နေတာ။

• ဦးနှောက်ထဲက (ပစ်ကျူထရီ) အကျိတ်ရောဂါ၊ (ဟိုက်ပိုသဲလ်မတ်စ်) ရောဂါ၊

• မျိုးဥထွက်စေမဲ့ (ခရိုမိုဇုမ်း) တွေက ပုံမှန်မဟုတ်တာ၊

• အဝလွန်တာ၊ လည်ပင်းကြီးဟော်မုန်းနည်းတာ၊ လည်ပင်းကြီးဟော်မုန်းများတာ။

• Turner’s syndrome လိင် (ခရိုမိုဇုမ်း) ရောဂါဖြစ်နေတာ၊ (ခေါင်းကိုက်၊ နို့ရည်ထွက်၊ လူက ပိုဝလာ၊ ဝက်ခြံပေါက်၊ လိင်စိတ်ပြောင်းလဲ၊ စကားသံ နိမ့်လာ၊ မျက်နှာမှာ အမွှေး ပိုပေါက်၊ မျက်စိကြည့်ရ မကောင်း ဖြစ်လာတာတွေရှိမယ်။)

၂။ အရင်က လာပြီးနောက်မှ ရာသီမလာခြင်း

• ကိုယ်ဝန်ကို အရင်ဆုံးစဉ်းစားရမယ်။

• သွေးဆုံးချိန်စောတာလဲ ထည့်တွက်ရမယ်။

• တချို့ သန္ဓေတားဆေး-တားနည်းတွေက ရပ်လိုက်ပေမဲ့ ၃-၆ လ အထိ ရာသီ ပြန်မလာတာ ဖြစ်တတ်တယ်။

• Busulfan, Chemotherapy, Chlorambucil, Cyclophosphamide, Phenothiazines ဆေးတွေကြောင့်လဲ ဖြစ်နိုင်တယ်။

• ဘဝလူနေမှုပုံစံကြောင့် ဖြစ်နိုင်တာတွေလဲ ရှိတယ်။

- စိတ်ဖိအားများနေချိန်၊ စိတ်ဓါတ်ကျနေချိန်၊ ကလေးနို့တိုက်နေချိန်၊

- ကိုယ်လက် လှုတ်ရှားမှု သိပ်များနေသူ။ နာတာရှည် ရောဂါတခုခု ခံစားနေရသူ၊

- အစာအာဟာရ ချို့တဲ့သူ၊ အဆီ 15% - 17% body ထက်နည်းနေသူ၊

- ချက်ချင်း ပိန်ကျသွားသူတွေမှာ ပိုဖြစ်လာနိုင်တယ်။

အခြေခံရောဂါရှိသူတွေဆိုရင် -

1. မျိုးဥအိမ်ကြောင့် ၄ဝ%၊ (PCOS) မျိုးဥအိမ်မှာ အကျိတ်လေးတွေ ရှိနေတဲ့ရောဂါ၊ (လူဝမယ်၊ ကိုယ်မွှေးတွေပိုပေါက်မယ်၊ ဝက်ခြံထွက်မယ်၊)။

2. (ဟိုက်ပိုသဲလမတ်စ်) ကြောင့် ၃၅%၊

3. (ပစ်ကျူထရီ) ကြောင့် ၁၉%၊

4. သားအိမ်ကြောင့် ၅%၊ Uterine scarring (Asherman's syndrome) ကိုယ်ဝန်ပျက်-ဖျက်လို့ သားအိမ်ခြစ်ရာကနေ သားအိမ်ထဲ အမာရွတ်၊

5. တခြားအကြောင်းတွေကြောင့် ၁% ဖြစ်တာတွေ့ရတယ်။

ဆေးစစ်တဲ့အခါ ရောဂါရာဇဝင်မေးတယ်၊ အထွေထွေစစ်ဆေးတာ၊ လိင်အင်္ဂါနေရာတွေ စစ်ဆေးတာ လုပ်တယ်။

• Pregnancy test ကိုယ်ဝန်ရှိ-မရှိ စစ်သင့်တယ်။

• Blood tests သွေးထဲက ဟော်မုန်းအခြေအနေတွေကို စစ်မယ်။ Estradiol, Follicle stimulating hormone (FSH), Luteinizing hormone (LH), Prolactin, Testosterone နဲ့ Progesterone Challenge Test (Provera) စစ်နည်းနဲ့ (ပရိုဂျက်စတီရုမ်း) အခြေအနေကို စစ်မယ်။

• Thyroid function test လည်ပင်းကြီး-ဟော်မုန်း အခြေအနေတွေကိုလဲ စစ်မယ်။ (TSH) များနေရင် Hypothyroidism ဟော်မုန်းနည်းရောဂါ ဖြစ်နေမယ်၊

• Ovary function test မျိုးဥအိမ်အလုပ် စစ်ဆေးခြင်း၊

• Pelvic ultrasound တင်ပါးဆုံနေရာကို (အာလ်ထွာဆောင်း) ရိုက်မယ်။ CT scan of the head, MRI of the head ဦးခေါင်းကိုရိုက်တာတွေ၊ Endometrial biopsy သားအိမ်အတွင်းသားစ ထုတ်ပြီးစစ်ဆေးတာ၊ Hysteroscopy သားအိမ်ထဲကို ကရိယာနဲ့ကြည့်တာနဲ့ Genetic testing မျိုးဗီဇစစ်တာတွေလဲ လိုရင်စစ်မယ်။

ရာသီလာမမှန်တာ အမျိုးသမီး ၃ဝ% လောက်မှာ ဖြစ်တယ်။ ရာသီ မမှန်ဘူးဆိုယုံနဲ့မပြီးပါ။ ရာသီမလာတာ၊ စောတာ၊ နောက်ကျတာ၊ နည်းတာ၊ များတာတွေ အားလုံးကို မမှန်စာရင်း သွင်းတယ်။ ရာသီမှန်ဘို့ရာ Estrogen နဲ့ Progesterone ဟော်မုန်းတွေ မှန်ရမယ်။ ဦးနှောက်ထဲက (ဟိုက်ပိုသဲလ်မတ်စ်)၊ (ပစ်ကျူထရီ-ဂလင်း) နဲ့ မ-မျိုးဥအိမ်အင်္ဂါတွေ ကောင်းနေရမယ်။

ရေရှည်မှာ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ ကလေးမရနိုင်တာ နဲ့ Osteoporosis အရိုး အားနည်းတာတွေ ဖြစ်တယ်။ ဆေးကုနည်းတွေ အမျိုးမျိုးရှိတယ်။ ဘာလို့ရာသီမလာသလဲ သိရင် ကုသပေးနိုင်တယ်။

ရောဂါအဆန်းအပြားတွေ ထည့်ရေးရပေမဲ့ အများဆုံးဖြစ်တာတွေကို ရွေးထုတ်ပါမယ်။

1. ကိုယ်ဝန်ရှိခြင်း၊

2. စိတ်ဖိအား များခြင်း၊

3. အစားအသောက် နည်းလွန်းခြင်း၊

4. ကိုယ်လက်လေ့ကျင့်ခန်း များလွန်းခြင်း၊

5. အပျိုဖြစ်စကာလ၊

6. သွေးဆုံးစောခြင်း နဲ့

7. ဟော်မုန်းပါ တားဆေးတွေ ဖြစ်တယ်။

အလွယ်ကုသနည်းတွေကတော့ -

• လူနေမှု အကြောင်းခံတွေကို အရင်ပြင်ပါ။ ကိုယ်ဝန်ရှိ-မရှိစစ်ပါ။ အစာအာဟာရ မျှတ လုံလောက်အောင် စားသုံးပါ။ ကိုယ်လက်လှုတ်ရှားမှု အတင့်တင့်အောင်သာ လုပ်ပါ။ စိတ်ဖိအားတွေ စနစ်တကျ လျှော့ချပါ။

• တကယ်လို့ (တက်စတိုစတီရုန်း) ကျား-ဟော်မုန်း များနေသူဆိုရင် ဟော်မုန်း အစားထိုးကုသနည်း လုပ်ရမယ်။

• PCOS က မျိုးဥအိမ်မှာ အကျိတ်ကလေးတွေရှိနေတာ အဖြစ်မနည်းလှပါ။ စာတပုဒ် ရေးထားပါတယ်။

• Inflammatory Bowel Disease အစာလမ်းရောဂါတခုနဲ့လဲ ရာသီမမှန်တာက ဆက်စပ်နေတတ်တယ်။ လူက ပိန်လာတယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်။

• ဟော်မုန်းပါ ကိုယ်ဝန်တားဆေးသုံးပါ။ Estrogen နဲ့ Progesterone ဟော်မုန်း ၂ မျိုးတွဲကို သုံးရမယ်။ အမေရိကားမှာ ၁့၅ သန်းသော အမျိုးသမီးတွေက တားဆေးကို ကိုယ်ဝန်တားဘို့ မဟုတ်တာအတွက် သုံးနေကြတယ်။ ရာသီလာချိန် နာတာသက်သာဘို့၊ ဝက်ခြံပေါက်တာ သက်သာဘို့၊ ရာသီလ-ရက် မှန်ဘို့အတွက် သုံးကြတာ ဖြစ်တယ်။ Hirsutism ဟော်မုန်းရောဂါ၊ ရာသီလာချိန်မှာ (မိုင်ဂရင်း) ခေါင်းမူးရောဂါ ဖြစ်တတ်တာ နဲ့ Fibroids သားအိမ်-အကျိတ် ရောဂါတွေအတွက်လဲ ပေးတယ်။

• တားဆေးကို အပျိုတွေသုံးပေမဲ့ အပျိုရည် မပျက်စေပါ။

Source: Dr. တင့်ဆွေ

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။