ကန်တော့ပါဆရာ သမီးတခုလောက်မေးချင်လို့ပါဆရာ။ တားဆေး ezee 2 သုံးလေးကြိမ်လောက် သောက်တာ နောက်ပိုင်း ကိုယ်ဝန်မရမှာ စိုးရိမ်ရလားဟင် ဆရာ။

မေးတဲ့သူ အသက် မသိ။ ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ ဒါက နမူနာမေးခွန်း။ နေ့တိုင်း အဲလိုမေးတာတွေလာတယ်။ ကိုယ်ဝန်တားဆေး Ecee 2 မြန်မာပြည်ကဆေးစျေးကွက်မှာ အလွန်ဟော့ပုံရပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေး ဖြစ်ပါတယ်။ အရေးပေါ်ဆိုတာ သွားရည်စာလို မဟုတ်ပါ။

အရေးပေါ်ကို ပဲလှော်လိုသဘေားထားသူလို့ ငေါ့မိပါသေးတယ်။ အပြစ်ချည်းသာပြောနေတာမဟုတ်ပါ။ စနစ်တကျ သုံးနိုင်တဲ့ ကိုယ်ဝန်တားနည်းတွေ အများကြီးရေးတင်ထားပါတယ်။ စည်းကမ်းတော့ထားတယ်။ စည်းကမ်းမရှိ အတူနေမိရာကနေ ကိုယ်ဝန်ရှိလာတာမျိုးကိုတော့ နည်းမပေးပါ။ ဆေးပညာစာတွေ စုံအောင်ရေးပါတယ်။ အဲလိုဆေး သောက်ပြီး တခုခုဖြစ်လာလို့ မေးရင်လဲဖြေပါတယ်။

အမေရိကားမှာ Plan B, Morning after Pills နာမည်တွေနဲ့ရှိတယ်။ အရေးပေါ်တားဆေးကို သူများတိုင်းပြည်တွေမှာ မြန်မာပြည်လောက် လက်လွတ်စပယ် မသုံးကြပါ။ ခဏခဏသောက်ရင် ဘာဖြစ်မလဲ။ တခါသောက်တခါ ဟော်မုန်းတွေ ပြောင်းမယ်။ ရာသီပြောင်းမယ်။ ဘေးထွက်သက်ရောက်မှုတွေရှိမယ်။ ရေရှည်မှာ ဘာဖြစ်နိုင်သလဲ တိတိကျကျ မပြောနိုင်ပါ။ ဆေးသုတေသနကို တိုးတက်တဲ့တိုင်းပြည်တွေက အများဆုံး လုပ်ကြတယ်။ အီးဇီး-တူးသုတေသနကို မြန်မာပြည်မှာလုပ်ရင်ကောင်းမယ်။

ကျွန်တော်က အချိန်မရလို့သာ။ မေးခွန်းတွေကို ဆန်းစစ်မှုလုပ်ရင်တောင် သုတေသနအသေးစားတခုရနိုင်တယ်။ အဲလိုဆေးသောက်ပြီး ဘာဖြစ်တယ်ပြောကြတာတွေရှိတယ်။ အိမ်ထောက်ရက်သားကျပြီးမှ စိုးရိမ်သူတွေရှိတယ်။ အတူနေသူနဲ့ မဟုတ်ပဲ အိမ်ထောင်ကျတော့ ပြဿနာဖြစ်လို့ မေးတာတွေရှိတယ်။ တချို့မှာ ကိုယ်ဝန်တော့မရ၊ လိင်ကတဆင့်ကူးစက်ရောဂါတွေ ရကြတယ်။ တချို့ ဆေးအတုနဲ့မိတယ်။ တချို့ ဆေးသောက်နည်းမမှန်။ သုတေသနမဟုတ်ရင် မေးတဲ့သူတွေကို ခြောက်ပြောလို့မသင့်။ အာမခံလို့လည်းမရပါ။ ဆောရီး။

Source: ဒေါက်တာတင့်ဆွေ

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။