ဆရာ Menstrual cycle က သင်္ကြန်ရက်ကြီးမှာဖြစ်နေလို့ပါ။ ရက်နောက်ဆုတ်လို့ရတဲ့ဆေးလေးများ ရှိပါသလားဆရာ။

မိန်းကလေးတိုင်း အပျိုစဖြစ်ကတည်းက သွေးမဆုံးခင်အထိ လစဉ်ရာသီလာတယ်။ အမြဲတန်းဖြစ်စဉ်မို့ ဓမ္မတာလို့ ခေါ်တယ်။ အဲလိုဓမ္မတာကို လိုသလိုလည်း ပြင်လို့ရပါတယ်။ ရာသီမမှန်တာကို မှန်အောင်၊ ရာသီလာလို့ မခံမရပ်နိုင် ဖြစ်တာတွေ သက်သာအောင် ရာသီကို တားဆီးနည်းကို သုံးနိုင်တယ်။ ရာသီမလာအောင်နှိမ်တာ ဖြစ်တယ်။ ရာသီကြောင့် ရှိနေပြီးသားရောဂါ ပိုဆိုးတာကို ရှောင်ချင်လို့လဲ လုပ်လို့ရပါတယ်။ တချို့မှာ ခရီးသွားချိန်၊ အလုပ်များချိန်မှာ ရာသီလာလို့ ဖြစ်ရမဲ့ ဒုက္ခသုက္ခကို ရှောင်ချင်လို့လဲ ရာသီလာမှာကို တားဆီးတာမျိုး လုပ်နိုင်တယ်။ ဟန်းနီးမွန်းထွက်ချိန်၊ အပျော်ခရီးထွက်ချိန်မှာ လုပ်နိုင်တယ်။ စိတ်မမှန်သူတွေ၊ စစ်မှုထမ်းအမျိုးသမီးတွေ၊ အားကစားမယ်တွေပါမယ်။ အခုဆိုမြန်မာ့သင်္ကြန်မှာ ပျော်ချင်သူတွေအတွက်လည်းရတယ်လို့ ပြောရပါတော့မယ်။

အမေရိကားမှာ အသက် ၁၈-၅ဝ အတွင်း အမျိုးသမီး ၂့၅ သန်းမှာ ရာသီနဲ့ပတ်သက်ပြီး တခုခုတော့ဖြစ်ကြရတယ်။ ၃၁% ဟာ တနှစ်မှာ ၉့၆ ရက်ကြာအိပ်ရာထဲ နေကြရတယ်။ ရာသီမလာအောင်နှိမ်နည်းကိုသုံးနေတာ နှစ်တွေကြာပါပြီ။ အဲလို လုပ်သင့်တယ်ဆိုတာကိုရော မလုပ်သင့်ဘူးဆိုတာအတွက်ပါ အထောက်အထားတွေမပြည့်စုံပါ။

ရာသီမလာအောင်နှိမ်နည်းကိုသုံးရင် ရာသီလာလို့ နာတာ သက်သာစေမယ်။ ရာသီဆင်းများတာ သက်သာစေမယ်။ ရာသီမလာခင်ဖြစ်ချင်တာတွေ သက်သာစေမယ်။ သွေးမဆုံးခင်ဖြစ်တာတွေ သက်သာစေမယ်။ ရာသီလာချိန်ဖြစ်တဲ့ (မိုင်ဂရင်း) အမူး-အကိုက်ရောဂါ၊ Endometriosis သားအိမ်ရောဂါ၊ ဝက်ခြံပေါက်တာတွေ နည်းစေမယ်။ နေကောင်းတယ်လို့ ခံစားရသေးတယ်။ ရင်သားတင်း-နာတာ၊ ရင်ပြည့်တာ၊ စတာတွေ သက်သာစေတယ်။ မလိုလားအပ်တာတွေလဲရှိပါမယ်။ မထင်မှတ်ဘဲ သွေးဆင်းတာ ကြုံရနိုင်တယ်။ များမှာတော့ မဟုတ်ဘူး။ ဆေးသောက်ကာစ အစပိုင်းလတွေမှာ ဖြစ်မယ်။ တကယ်လို့ ကိုယ်ဝန်ရှိနေမယ်ဆိုရင် ကိုယ်ဝန် ဟုတ်-မဟုတ် သိအောင်လုပ်ရတာ ခါတိုင်းလောက်မလွယ်နိုင်ဘူး။ ဗိုက်အတင်းနာရင်၊ ရင်ပတ်နာရင်၊ သွေးဆင်းတာများရင်၊ မျက်စိကြည့်ရတာမကောင်း ဖြစ်လာရင်၊ ခြေထောက်ထဲက နာလာရင် ဆရာဝန်ပြရမယ်။

ရာသီမလာအောင်နှိမ်နည်းတွေ

၁။ (COC) ဟော်မုန်း ၂ မျိုးတွဲ တားဆေးတွေကို အများဆုံးသုံးတယ်။ လူအများဆုံးသုံးတဲ့၊ ဆေးဝယ်ရလည်းလွယ်တဲ့၊ ဆေးစျေးလည်းမများတဲ့။ တနေ့ ၁ လုံးသောက်ရတဲ့ ကိုယ်ဝန်တားဆေးကို သုံးရတယ်။ ဆေးကပ်တခုမှာ ၂၈ လုံးပါတယ်။ ၂၁ လုံးကအရောင်တမျိုးနဲ့ ၇ လုံးက အရောင်တမျိုးပါတယ်။ အရောင်တူ ၂၁ လုံးကို တရက် ၁ လုံးကျ၊ ၂၁ ရက် သောက်ရတယ်။ ၂၁ ရက် သောက်ရတဲ့ဆေးကုန်တာနဲ့ အရောင်ရင့် ဆေးပြား ၇ ပြားကို မသောက်တော့ဘဲ၊ နောက် ဆေးကပ်သစ်ကို အရောင်တူ ၂၁ လုံးကို တရက် ၁ လုံးကျဆက်သောက်ရတယ်။ လိုအပ်သူတွေကို ဆရာဝန်တွေ ညွှန်လေ့ရှိတာက ဆေးကပ် ၃ ကပ် (၂၁ X ၃ = ၆၃) ပြား ဆက်တိုက် သောက်ခိုင်းတာ ဖြစ်ပါတယ်။ ဆေးရပ်လိုက်တာနဲ့ နောက် ၃-၇ ရက်အတွင်းမှာ ရာသီပြန်လာမယ်။

Seasonale ဆေးဟာ ၈၄ ရက်ကို ဟော်မုန်းတွေပါပြီး၊ နောက် ၇ ရက်အတွင်းမှာ ရာသီ ပြန်လာမယ်။ ၁၉ရဝ ကျော်ကတည်းက သုတေသနတွေ လုပ်ခဲ့ပါတယ်။ သုတေသနမှာ Seasonale နဲ့ Nordette® (Ethinyl estradiol 30 mg နဲ့ Levonorgestrel 150 mg) ကို ဒေသ အမျိုးမျိုးမှာ နေတဲ့ အသက် ၁၈-၄ဝ အရွယ် အမျိုးသမီးတွေကို ၁ နှစ်တာ စနစ်တကျ လေ့လာခဲ့တယ်။ Nordette ကနေ မထင်မှတ်ဘဲ သွေးဆင်းတာ ပိုနည်းတယ်။ ဒီလိုတားဆေးကို မရပ်မနား ဆက်တိုက် သောက်နေတာကလဲ ရာသီမလာဘဲနေမယ်။ ၁၂ လသုံးသူထဲက ၅၃% မှာ စိတ်လဲ ချရတာတွေ့ရတယ်။ Lybrel TM ဆေးကို FDA က အသိအမှတ်ပြုထားတဲ့ တနှစ်တာအတွက်ဆေး ဖြစ်တယ်။ 

၂။ တခြားနည်းတွေလဲ ရှိတယ်။

Depot-medroxyprogesterone actetate injections (Depo-Provera) တနှစ်သုံးရင် ၅ဝ%၊ ၂ နှစ်သုံးရင် ၉ဝ% ရာသီမလာဘူး။ Levonorgestrel intrauterine system (Mirena) ၈ဝ-၉ဝ% သွေးထွက်တာ နည်းတယ်။ တနှစ်သုံးရင် ၂ဝ% ရာသီမလာဘူး။ Etonogestrel implantable contraceptive (ImplanonTM) ရက် ၉ဝ သုံးပြီးရင် ၂၁% ရာသီမလာဘူး။ ImplanonTM အရေပြားအောက်ထားရတဲ့ ဆေးချောင်းတွေကိုလဲ သုံးနိုင်တယ်။ Vaginal ring (NuvaRing) ကွင်းနဲ့ Contraceptive patch (Ortho Evra) ဆေးကပ်ခွါတွေကို FDA ကအသိအမှတ် ပြုမထားသေးပါ။

အဲလိုဖြစ်ချင်တဲ့ အမျိုးသမီးတွေကို ဆွေးနွေးအဖြေရှာပေးပါရစေ။ ရာသီမလာဘဲနေရင် လာရမဲ့သွေးတွေဟာ အထဲမှာ အောင်းနေမယ်ထင်တာ မဟုတ်တဲ့အကြောင်း ရှင်းပြရမယ်။ နောင်မှာ ကလေးမရတာလဲ မဖြစ်စေဘူး။ ဆင်းတဲ့သွေးက ပိုအရောင် ရင့်မယ်။ စေးတာပျစ်တာလဲ ခါတိုင်းနဲ့ မတူဘူး။ ၁၉၆ဝ ကျော်ကတည်းက ကိုယ်ဝန်တားဆေးတွေပေါ်ကာစမှာ ဆေးသုတေသနလုပ်သူတွေက ရက် ၉ဝ မှတခါ ရာသီလာအောင်လုပ်ဘို့ဘဲ။ နောက်မှ ပုံမှန်နဲ့တူအောင် ၂၈ ရက်တခါ လာတဲ့ဆေးကိုသာ ထုတ်လုပ်တယ်။ ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့သဘောတူညီချက်ရအောင် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Source: Dr. တင့်ဆွေ

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။