သင်္ကြန်ကာလနီးမှာ အမျိုးသမီး-မိန်းကလေးတွေကို သတိပေးပါရစေ။ ရာသီစာဖြစ်ပါတယ်။ ၂ဝ၁၃ နဲ့ ၁ဝ၁၄ သင်္ကြန် မတိုင်ခင်တွေမှာလည်း တင်ခဲ့ပါတယ်။ သင်္ကြန်တွင်းကြ ယူကြုံးမရမဖြစ်ရအောင်ကို မကြာသေးခင်ကတင်ထားပြီးပါပြီ။ သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများနဲ့ ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ၊ ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီကိုတော့ (ဘလော့ခ်) မှာသာ တင်ထားပါတယ်။

ဒီလိုဆေးတွေကို အရက်လို၊ ဘီယာလို၊ ကိုလာလို သောက်တာတခုခုထဲမှာတည့်တယ်။ ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီဆိုတာတွေက ရေနွေးမှာဖျော်ပြီး ရိုးရိုးကော်ဖီလို ဖျားယောင်းတိုက်နိုင်တယ်။ ညစ်ညမ်းဆေးတွေကတော့ သင်္ကြန်မှာ ရေအေးနဲ့ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။  

ဆေး (၄) မျိုးသိပါတယ်။ ရှိပါအုံးမယ်။

၁) Spanische Fliege

၂) German Spanische Love 20ml drop

၃) Spanische Fliege extra konzentriert Liebesstropfen 15ml

၄) Die Spanische Fliege စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။

ဆေးအရည်ပုလင်းငယ်လေးတွေပါ။ ၁၅-၂ဝ (စီစီ) သာပါလို့ ထိုးဆေးပုလင်းအတိုင်းပါဘဲ။ မိန်းကလေးတယောက်ကို ဖျားယောင်းသွေးဆောင်ဘို့ရာ (သားကာင်းကို ကျော့ကွင်းထောင်ဘို့ရာ) ဆေး ၁ဝ-၁၅ စက်သာလိုပါတယ်။ 

အအေးလေးသုံးဆောင်ပါအုံးဆိုပြီး သဘောကောင်းချင်ယောင်နဲ့လာတိုက်ရင် သတိထားပါလေ။ ငါးမျှားချိတ်ကို မမြင်ကြပဲ စားစရာသာမြင်လို့သာ ငါးတွေဟာ တငါသည်ဖမ်းတာ ခံကြရတာပါ။ ဒီဆေးကို ယင်ကောင်တမျိုးကနေ ထုတ်တာပါ။ အညှီရှိရင် ယင်အုံတယ် မဟုတ်ပါလား။

ဆေးအစွမ်းက သောက်မိလိုက်တဲ့ မိန်းကလေးဟာ ခဏလေးနဲ့ (၁၅-၃ဝ မိနစ်) ကိုယ်နဲ့စိတ် ပြောင်းလဲမှုတွေဖြစ်လာမယ်။ ဟိုစိတ်တွေ မကဲသင့်ဘဲ ကဲပိုလာမယ်။ အတူနေချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ မဖြစ်သင့်တာအတွက် အဆင်သင့် ဖြစ်လာတော့မယ်။ သတိလက်မလွတ်ပါ။ ဆေးအရှိန်ကုန်ပြီး တခုခုအပြုခံရပြီးမှ နောင်တရပါလိမ့်မယ်။ နောက်ကျသွားပါပြီ။

ပိုဆိုးမှာက မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ အဖြစ်မျိုးဆိုတာ သင်္ကြန်ကာလမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ သင်္ကြန်ကို ပျော်စရာတခုတည်းအတွက်သာလို့ ထင်သူတွေမှာ ဖြစ်နိုင်ပါတယ်။  

မြန်မာပြည်မှာ FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကနေ ကြိုးစားနေပေမဲ့ ဖျက်ဆီးခံထားရတဲ့ ကာလကြီးက ကြာခဲ့တာမို့ ဆင့်ပါးစပ်နှမ်းပက်သာ စစ်ဆေးတာ၊ အရေးယူတာတွေ လုပ်နိုင်ပါသေးတယ်။ ဒီဆေးမျိုး လက်သိပ်ထိုးရောင်းတာတွေ သေချာပေါက်ရှိမှာပါ။ နေ့လည်ကပဲ ဖေ့စ်ဘွတ်မှာ တခြားဆေးတွေနဲ့အတုူ အဲလိုဆေးတွေကိုပါ ဖမ်းမိတဲ့သတင်းတခု ဖတ်လိုက်ရသေးပါတယ်။

အမှောင်ခေတ်မှာ လူဖြစ်လာသူတွေ ကံဆိုးကြလိုဘဲ အလင်းရောင်ခပ်ဝါးဝါးကာလကလူတွေလဲ ကံမကောင်းကြသေးပါ။ အစိုးရချည်း အားမကိုးကြပါနဲ့။ ကိုယ့်အိမ်ကစ၊ ကိုယ့်ကျောင်း၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်အသိုင်းအဝိုင်းမှာ ဝိုင်းဝန်းပြုပြင်ရေး အားပေးပါရစေ။

Credit - ဒေါက်တာတင့်ဆွေ

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။