မိဘတွေ အလွန် အမေးများတဲ့ မေးခွန်းလေးတွေပါ။ အခြေခံမှ စပြီး ရှင်းပြလိုပါတယ်။

(၁) နှာခေါင်း သို့မဟုတ် လည်ချောင်းထဲက ချွဲသလိပ်ဆိုတာ ဘာလဲ?

********************************

-နှာခေါင်း, လည်ချောင်း, အသက်ရှူပြွန်ထဲမှာ အမြဲ စိုစွတ်နေအောင် ခန္ဓာကိုယ်ရဲ့ သဘာဝ အရည်အိတ်လေးတွေက သန့်ရှင်းတဲ့ အရည်တစ်မျိုး အမြဲထုတ်ပေးပါတယ်။

-စက်ရုံ, ကား, ဆေးလိပ်နဲ့ အခြားလောင်စာမှ ထွက်သော မီးခိုးငွေ့များ, ဖုန်များ, အန္တရာယ်မကြီးသော virus ဗိုင်းရပ်စ် ပိုးမွှားလေးများက နှာခေါင်းမှ တဆင့် လည်ချောင်းနှင့် အသက်ရှူ လမ်းကြောင်းထဲ ဝင်ရောက်လာသော အခါ ခန္ဓာကိုယ်က ထုတ်နေကျ အရည်ကြည်ကို တိုးထုတ်ပါတယ်။ ညစ်ညမ်းမှုကိုဆေးကြောပေးချင်လို့ပါ။

-ကိုယ်ခံအားလို့ အမြဲပြောတဲ့ ခန္ဓာကိုယ်တွင်းက သွေးဖြူဥလေးများက နှာခေါင်းလည်ချောင်းထဲ ရန်သူဝင်လာတာနဲ့ စတင်တိုက်ခိုက်ပါတယ်။ ရန်သူဘက်က ပိုးမွှားများရော သွေးဖြူဥများရော အတုံးအရုံးသေဆုံးကြပါတယ်။

-နောက်ဆုံးတော့ ဝင်လာတဲ့ ဖုန်, မီးခိုးငွေ့, ပိုးမွှားအသေများ, ကျဆုံးသွားသော သွေးဖြူဥလေးများဟာ တိုးထုတ်ထားသော အရည်ကြည်နဲ့ ပေါင်းစည်းပြီး ချွဲသလိပ်အနေနဲ့ ထွက်လာပါတယ်။

(၂) ချွဲသလိပ် မထွက်အောင် ကာကွယ်ဖို့က ဘာအရေးကြီးလဲ။

********************************

ပတ်ဝန်းကျင် လေထု သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးပါ။ လူကြီးများ ချောင်းဆိုးနှာချေလျှင် တစ်ရှူးနှင့်ကာပါ။ ကလေးကို မကိုင်တွယ်ခင် လက်မှန်မှန်ဆေးပါ။ ကလေး ပတ်ဝန်းကျင် မီးခိုးငွေ့ကင်းဝေးပါစေ။**

(၃) ကလေးငယ်များ ချွဲကျပ်ခဲ့သော်

**********************

-ဆား လက်ဖက်ရည် တစ်ဇွန်းကို ဆူအောင်တည်ထားသော ရေနွေး ၅၀၀ ml နှင့်ရောပြီး အအေးခံပြီးလျှင် နှာခေါင်းပေါက်များထဲ ၁စက် ၂စက်စီ ၂-၃ နာရီခြားထည့်ပေးလို့ရပါသည်။

-ရေနွေးနွေးနှင့် ရေမကြာခဏ ချိုးပေးခြင်း

-ကလေးငယ် အိပ်သော အနီးအနားတွင် ရေနွေးဇလုံ ချထားခြင်း ဖြင့် ရေနွေးငွေ့ဖြင့် ချွဲပျော်နိုင်စေပါသည်။

-ဖွံ့ဖြိုးသော နိုင်ငံကြီးများမှာ ရေနွေးငွေ့ ထုတ်ပေးသော စက်သေးသေး ကလေးများကို ချွဲကျပ်သောကလေးများအတွက် သုံးရန် ထုတ်ပါသည်။

-ကလေးကြီးများ ချွဲကျပ်ခဲ့သော် ရေနွေး မကြာခဏ သောက်ခြင်း, ဆားရည်နှင့် ပလုပ်ကျင်းခြင်းဖြင့် ချွဲ ပျော်နိုင်စေနိုင်ပါမည်။

*နှာခေါင်းပိတ် ချွဲကျပ်ခြင်း ၄ ပတ်ကျော်လျှင် အဖျား ၁၀၂ ထက်ကြီးလျှင်, နားပြည်ယိုလျှင်, အသက်ရှူ အလွန်မြန်လျှင်, အစာမစားလျှင် တတ်ကျွမ်းသော ဆရာဝန်နှင့်ပြပါ။

*မွေးရာပါ အဆုတ်လေပြွန်များရောဂါရှိလျှင် ချွဲပိတ်ဆိုးလွန်းသည်။ ကိုယ်အလေးချိန် ကျသည်။ ကလေးအထူးကုနှင့် အချိန်မီ ပြဖို့လိုသည်။ အလွန်ရှားပါသည်။

နေနေမိုးဆွေ (Child Health Myanmar)

#အထွေထွေဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။