ရန်ကုန်မြို့တွင် ပထမဆုံးမှော်ပညာသင်တန်းကျောင်း ဖွင့်လှစ်

အာဖရိကအောက်လမ်း ဗူးဒူး (Voodoo) ပညာရပ်နှင့် အရှေ့တိုင်း ရုပ်သွင်းနာမ်ထားပညာရပ်များကို လူတိုင်း ၏ ကောင်းကျိုးအတွက် အသုံးပြုနိုင်ရန်နှင့် အန္တရာယ်ကာကွယ်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း Wizardry School of Myanmar မှော်ကျောင်းတော် (မြန်မာပြည်)မှ ဆရာ လင်းညှို့တာရာက ပြောသည်။

အရုပ်အပ်စိုက်ခြင်း ဗူးဒူးပညာရပ်သည် အများအားဖြင့် အောက်လမ်းပညာဟု အယူစွဲနေခြင်းကြောင့် ဂမ္ဘီရ မှော်ပညာ အမှန်တကယ်ရှိကြောင်းနှင့် အရုပ်အပ်စိုက်ခြင်းနှင့် ဗူးဒူးဆိုင်ရာ အခြားပညာများသည် ကောင်းသည့်ဘက်တွင် အသုံးပြုနိုင်ကြောင်းနှင့် အဆိုပါ ပညာများကို လက်ဆင့်ကမ်းသဘောဖြင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

''လူအများစုက ဗူးဒူးလို့ခေါ်တဲ့ ပညာရပ်ကိုအောက်လမ်းပညာလို့ အယူစွဲနေတယ်။ ဒါက ပညာရပ်တခုပါ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်နိုုင်ပါတယ်။ သင်တန်းမှာတော့ မကောင်းတဲ့နည်းလမ်းကို သင်ပြတယ်။ သူ့ရဲ့ဆိုးကျိုးတွေပါ ရှင်းပြတယ်။ လက်ရှိမှာ သင်ပေးနေတာကတော့ အာဖရိကမျိုးနွယ်စုရဲ့ ဗူးဒူးပညာရပ်နဲ့ အခြားပညာရပ်တွေကို သင်ကြားပေးနေတယ်'' ဟု ဆရာလင်းညှို့တာရာက ပြောသည်။

ဗူးဒူးပညာရပ်သည် မမြင်ရသည့် ၀ိညာဉ်များဖြင့် စီမံလုပ်ကိုင်ရခြင်းဖြစ်သောကြောင့် စီမံမှုလုပ်ချိန်တွင် သက် သတ်လွတ်သာ စားသုံးရန်သင့်ပြီး အဆိုပါ ပညာဖြင့် သူတပါးထိခိိုက်နာကျင်မှုကို နုတ်ယူနိုင်စွမ်းရှိသော စီရင်ထုံးပညာရပ် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ကြားခဲ့သည်။

''သင်တန်းကို မှတ်ပုံတင်တော့ မတင်ရသေးဘူး။ အသေးစားဖြစ်နေလို့။ နောက်ပိုင်းမှာတော့ ဆောင်ရွက် သွားမှာပါ။ လုပ်တာကြာပါပြီ။ လာရောက်ပိတ်ပင်ခြင်း၊ တားမြစ်ခြင်းနဲ့ အခြားပြဿနာတွေ မကြုံတွေ့သေးဘူး။ အုပ်ချုပ်ရေးမှူးလည်း သိတယ်''ဟု ၎င်းက သင်တန်းဖွင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

သင်တန်းကို ဆရာလင်းညှို့တာရာနှင့် ဆရာလပြည့်ဝန်းတို့မှ ဦးဆောင်သင်ကြားပြသပေးလျက်ရှိပြီး အရှေ့တိုင်းရုပ်သွင်းနာမ်ထားသင်တန်းအောက်တွင် (၁) ရုပ်သွင်းနာမ်သွင်းပညာ၊ (၂) မြန်မာ့ရိုးရာ ဓာတ်တိုက်နှင့် နတ်ပညာအချို့(၃) မြန်မာ့အရုပ်ပညာ (၄) အရုပ်အပ်စိုက်ပညာ (၅) နာမ်သွင်းဆေး အတတ်ပညာ (၆) နာနာရုပ် အတတ်ပညာ (၇) သပြေချိုး အပင်ခုတ် ပညာ (၈) အကာအကွယ်ပညာ (၉) ပြုစားခြင်း အတတ်ပညာရပ်များ သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းအပတ်စဉ် (၁) ပြီးမြောက်ခဲ့ပြီး သင်တန်းအပတ်စဉ် (၂) စတင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း၊ အပတ်စဉ် (၁)တွင် သင်တန်းသား ၂၀ ကျော်ဖြင့် သင်တန်းဆင်းခဲ့ကြောင်း သိရသည်

သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပေါက်တောဝအနီး ဖန်ချက်စက်ရုံလမ်း (၁၅/က)၊ မုဒိတာ အိမ်ရာ(၂) အမှတ် ၂ဗ-၁၇၂ တွင် ဖွင့်လှစ်ထားသည်။

Credit-News Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။