aရွှတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ CITY CENTER အကြွေစေ့ဂိမ်းဆိုင်ကို တိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

ဝန်ထမ်းများ၊ လာရောက် ကစားသူများကိုပါ ဖမ်းဆီးသွား

ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းကြားရှိ CITY CENTER ဒုတိယထပ်ရှိ အကြွေစေ့ဂိမ်းဆိုင်အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းတွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သည်။

''ဖြစ်စဉ်တွေပြောဖို့ ခက်ပါသေးတယ်။ အခုဟာက ရှာဖွေပုံစံနဲ့ စနစ်တကျ စာရင်းပြုစုနေလို့ အသေးစိတ်မပြောနိုင်သေးပါဘူး''ဟု တိုင်းရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ယင်းသို့ ဝင်ရောက်ဖမ်းဆီးရာတွင် လာရောက်ကစားသူများ၊ ဆိုင်ဝန်ထမ်းများ စုစုပေါင်း လူပေါင်း ၈၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်းလည်း သိရသည်။

''အဖမ်းခံရတဲ့လူတွေကို ကားနဲ့ သယ်ထုတ်တာ အနည်းဆုံး ကားခြောက်စီးစာလောက်ရှိမယ်'' ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ယင်းဂိမ်းဆိုင်သည် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်ကတည်းက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ၂၀၁၇ ဇန်နဝါရီ ၁ ရက်မှစတင်၍ ဝင်ကြေး ၅၀၀ ကျပ် ကောက်ခံခဲ့သည်ဟု ဆိုသည်။

''၂၀၁၆ တုန်းက ဝင်ကြေးမပေးရဘူး။ အခုနှစ်ဆန်းပိုင်းကစပြီး ဝင်ကြေးကောက်လိုက်တာ၊ အရင်က ဝင်ကြေး မပေးရတော့ ဒီနားမှာ စျေးရောင်းတဲ့သူတွေက အလေးအပေါ့သွားတာကစပြီး သူများကစားတာ ငေးကြည့်တဲ့သူတွေ အရမ်းများတာ။ အခု ဝင်ကြေးသတ်မှတ်တာတောင်မှ အဖမ်းခံရတဲ့လူတွေ ကား ခြောက်စီးလောက်နဲ့ သယ်ရတာ လူဘယ်လောက်များလဲ စဉ်းစားကြည့်တော့''ဟု ၎င်းဂိမ်းဆိုင်အနီးဝန်းကျင်တွင်နေထိုင်သူ အမျိုးသားတဦးက ပြောသည်။

ဂိမ်းဆိုင်ဖမ်းဆီးမှုအတွက် လုံခြုံရေးတာဝန်ယူထားသည့် အခြားရဲတဦးကလည်း''မြို့နယ်အဖွဲ့ကတောင် ဖမ်းမယ်ဆိုတာ မသိဘူး။ တိုင်းရဲတပ်ဖွဲ့ကိုယ်တိုင် ဝင်ဖမ်းတာ''ဟု ပြောသည်။ အဆိုပါအကြွေစေ့ဂိမ်းဆိုင်ဖမ်းဆီးတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအင်အား ၅၀ ကျော်ပါဝင်ပြီး အရပ်ဝတ်ရဲများကိုလည်း တွေ့မြင်ခဲ့ရသည်။

Credit - NewsWatch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။