ထိုင်းမှာ ရောင်းစားခံ မြန်မာ ၄ ဦးကို ကယ်တင်နိုင်

ထိုင်းနိုင်ငံ နကွန်စီဌာမရခရိုင်တွင်းက ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်အားခမရဘဲ ရောင်းစားခံထားရတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ၃ ဦး အပါအဝင် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေရဲ့ အကူညီနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဇန်နဝါရီလ ၁၀ ရက်နေ့က ကယ်ဆယ်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ အလုပ်အကိုင်ရှာဖွေဖို့ ရောက်လာကြတဲ့ လူငယ်တွေကို မြဝတီမြို့က ပွဲစားတဦးကနေ ထိုင်းနိုင်ငံတောင်ပိုင်း နကွန်စီဌာမရခရိုင်အတွင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဘတ်ငွေ ၁ သောင်း ၆ ထောင် ၅၀၀ စီယူပြီး ပို့ပေးခဲ့တာပါ။ သူတို့တွေကို တရားမဝင် လမ်းကနေ ပို့ဆောင်ပေးခဲ့ပြိီး ၈ လကနေ ၁ နှစ်ကျော်ကြာတဲ့အထိ လုပ်အားခမရဘဲ ခိုင်းစေခဲ့တာကြောင့် မိသားစုဝင်တွေက မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် ထိုင်းနိုင်ငံရောက် မြန်မာနို်င်ငံသားများအဖွဲ့ကို ရှာဖွေကယ်ဆယ်ပေးဖို့ အကူညီတောင်းခဲ့တာကြောင့် မြန်မာနိုင်ငံသား ၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်တယ်ဆိုပြိီး ထိုင်းနို်င်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့က ဦးစိုင်းအေး က အခုလို ပြောပြပါတယ်။

“ရလာတာ ၄ ယောက် ရလာတာ။ ၃ ယောက်က မြန်မာပြည်ရဲစခန်းကနေ အကူအညီတောင်းလာတာ။ DSI ထောက်လှမ်းရေးအဖွဲ့တို့နဲ့ သွားတယ်။ သွားပြီးတော့ နယ်မြေရဲစခန်းက လ.၀.က ပေါ့နော် နောက်ပြီးတော့ နယ်မြေရဲစခန်းရဲ့ ရဲအရာရှိတွေပါတယ်။ သူတို့ရဲ့နေရာကို ဝင်စစ်တယ်။ ဝင်စစ်တဲ့အခါကျတော့ နေရာရဲ့ပိုင်ရှင်ဟာ ရွာလူကြီးဖြစ်နေတယ်။ အဲ့ရွာလူကြီးဖြစ်နေတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ ရဲစခန်းဘက်ကနေပြီး အကူအညီ တောင်းလာတာက နာမည်နဲ့ ကိုက်ညီလား။ အသက်ဘယ်လောက်ရှိသလဲ။ လုပ်အားခတွေရပြီလားပေါ့။ ပိုက်ဆံပေးတဲ့အခါကျတော့ ပွဲစားကိုပဲပေးတာ။ သူတို့လက်ထဲကို မပေးဘူး။”

နကွန်စီဌာမရခရိုင်အတွင်းမှာ ရေတွေကြီးနေချိန်ဖြစ်ပြီး လူကုန်ကူးခံရတဲ့ မြန်မာလူငယ်တွေကို အခက်အခဲတွေနဲ့ သွားရောက် ကယ်ဆယ်ခဲ့ရတ ဖြစ်တယ်လို့ ဆိုပါတယ်။ လုပ်အားခခေါင်းပုံဖြတ်ခံရပြီး ပွဲစားရောင်းစားတာကို ခံရတဲ့ လူငယ်တဦးကတော့ အခုလို ပြောပြပါတယ်။

“ဘန်ကောက်ကိုတက်ဖို့ ၁ သောင်း ၆,၅၀၀ ပေးရတယ်ဗျ အားလုံးပေါင်း။ အလုပ်နဲ့ ပြန်ပြီးမှ ဆပ်ရတာဗျ။ အလုပ်လုပ်ပြီးမှ ဆပ်ရတာ။ သူဌေးကနေမှ ပြန်နှုတ်တာ။ တလကို ၄ ထောင်၊ ၃ ထောင် အဲ့လို ပြန်နှုတ်တာဗျ။ အဲဒါက ကျေသွားပြီဗျ။ ကျေသွားတဲ့အထိကို ကျနော်တို့ကို ပိုက်ဆံ မထုတ်ပေးတော့ဘူးဗျ။ ကျေသွားပြီးမှ ပိုက်ဆံ မထုတ်ပေးတော့တာ။”

မြန်မာလူငယ်တွေကို ခေါ်ယူပြီး အလုပ်ခိုင်းစေတဲ့ သူဌေးကိုတော့ တရားမဝင်တဲ့သူတွေကို အလုပ်ခိုင်းစေမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။ မြန်မာလူငယ်တွေကတော့ သူတို့လုပ်အား ခေါင်းပုံဖြတ်ခံရမှုတွေနဲ့ ပတ်သက်လို့ နစ်နာကြေးတွေကိုတော့ သူဌေးထံကနေ ပြန်လည်ရရှိခဲ့ပြီး မြန်မာလူငယ်တွေကိုတော့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ အမှုဖွင့် တရားစွဲဆိုခံထားရပြိီး သူတို့ကို ပြစ်ဒဏ်ချပြီးရင်တော့ နယ်စပ်ကို ပြန်ပို့မယ်လို့ ဆိုပါတယ်။

“ဒီကနေလွတ်ရင် ကျနော်တို့ကို သူတို့တာဝန်အရ ချုပ်ထားမယ်လို့တော့ ပြောတယ်ခင်ဗျ။ ထိုင်းဥပဒေအရ ချုပ်ထားမယ်လို့ ပြောတယ်ခင်ဗျ။ ၄၅ ရက်လို့တော့ ပြောတယ်ခင်ဗျ။ ပြီးရင်တော့ ကျနော်တို့ မြန်မာပြည်ကို ပြန်မယ်ခင်ဗျ။”

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့အနေနဲ့ ၂၀၁၆ ခုနှစ်ထဲမှာ ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး လူကုန်ကူးခံရသူပေါင်း ၃၄၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာတော့ ဒါဟာ ပထမဦးဆုံးအကြိမ် ကယ်ဆယ်ခဲ့တာ ဖြစ်တယ်ဆိုပြီး အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်း က ဆိုပါတယ်။ ထိုင်းနိုင်ငံမှာတော့ ပင်လယ်စာလုပ်ငန်းတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေ ရောင်စားခံရမှုတွေ ရှိနေတာကြာင့် ထိုင်းအစိုးရက လူကုန်ကူးမှု နှိမ်နင်းရေးတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့တာပါ။

လူကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်တဲ့ လူကုန်ကူးမှု အစီရင်ခံစာထဲမှာ မြန်မာနိုင််ငံကို Tier-3 အနိမ့်ဆုံး စာရင်းထဲ သတ်မှတ်ခဲ့ပြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်း နေထိုင်နေတဲ့ ထိုင်းနိုင်ငံကိုတော့ Tier-2 စောင့်ကြည့်အဆင့်ကို သတ်မှတ်ပေးခဲ့ပါတယ်။

Credit - VOA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။