မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးပေါက်ဖြစ်သော မောင်တောမြို့သည် နယ်စပ် မြို့တစ်မြို့ဖြစ်သည့်အားလျော်စွာ သမိုင်းရာဇဝင်များနှင့် ထင်ရှားသည့် မြို့လေး တစ်မြို့လည်းဖြစ်သည်။ မောင်တောမြို့၏ သမိုင်းရာဇဝင်များအကြောင်းဆိုရလျှင် မောင်တော-ဘူးသီးတောင် လမ်းပေါ်တွင် တည်ဆောက်ထားသော နှစ် ၁ဝဝ သက်တမ်းရှိ သမိုင်းဝင်လိုဏ်ဂူကြီးနှစ်ခုက အဓိကတစ်ခုအနေဖြင့် အထင်အရှား ရှိနေလျက်ပင်။

မောင်တော-ဘူးသီးတောင် မီးရထားလမ်းဖောက်လုပ်ရန်အတွက် အမေရိကန် နိုင်ငံ ဖလော်ရီဒါရှိ မာတင် (MARTIN) ဆောက်လုပ်ရေး ကုမ္ပဏီက ၁၉၁၆ ခုနှစ်မှ စတင်ပြီး ၁၉၁၈ ခုနှစ်အထိ နှစ်နှစ်ကြာ အချိန်ယူဖောက်လုပ်ခဲ့ခြင်းဖြစ် ကြောင်း လေ့လာသိရှိရသည်။

မောင်တော-ဘူးသီးတောင်လမ်း မိုင်တိုင်အမှတ်(၆/၅)တွင် လိုဏ်ဂူငယ်ကို အရင်တွေ့ရမည်ဖြစ်သည်။ ယင်းလိုဏ်ဂူငယ်သည် အရှည် ၉၂ ပေ၊ အချင်း ၁၅ ပေ ၆ လက်မနှင့် အမြင့် ၁၂ ပေ ၆ လက်မရှိပြီး လိုဏ်ဂူကို အထူ သုံးပေရှိသည့် အုတ်ရိုးများစီပြီး တည်ဆောက်ထားသည် ဟု လေ့လာ သိရှိရသည်။ တည်ဆောက် ပုံစနစ် မှန်ကန်သည့်အတွက် ယခုနှစ် ၁ဝဝ အထိ ခိုင်မာခြင်းဖြစ်သည်ကို သိရသည်။ တောင်ကြီးတစ်တောင်အောက်မှ ခဲရာခဲဆစ်ဖြင့် ဖောက်ထွင်းတည်ဆောက် ထားသည်ကို သတိထားမိ ခဲ့သည်။

''ဒီလိုဏ်ဂူက အခုဆိုရင် နှစ်ပေါင်း ၁ဝဝ ရှိပြီ။ ဆောက်လုပ်ပုံနည်းစနစ် မှန်ကန်ပြီး စက်ဝိုင်းပုံစံဖြစ်တဲ့အတွက် ဒီအတိုင်းဆို ပြိုကျမယ့်အနေအထား မရှိတော့လောက်ဘူး။ ဘာကြောင့်လဲဆိုတော့ စက်ဝိုင်းတစ်ခုဟာ အပေါ်က အလင်းကို ကျရောက်ရင် ထောင့်မှန်ကျတဲ့အတွက် အလင်းတွေက ဘေး ကိုပဲ ကျသွားသလိုဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီလိုဏ်ဂူငယ်က လိုဏ်ဂူကြီး တည်ဆောက်ဖို့အတွက် နမူနာတည်ဆောက်တာလို့လည်း သိရတယ်။ ဒါပေမယ့် တချို့ကတော့ အဖိုအမတည်ဆောက်တယ်လို့ လည်း ပြောတယ်။ အဲ့ဒါကြောင့် လိုဏ်ဂူငယ်ကို ပထမဆုံးအဖိုအနေနဲ့ တည်ဆောက်ခြင်းဖြစ်တယ်လို့ သိရတယ်''ဟု ဒေသခံတစ်ဦးလည်းဖြစ်၊ လမ်းလုပ်ငန်းတာဝန်ရှိသူတစ်ဦးလည်းဖြစ်သူ ဦးဇော်မင်းက ရှင်းပြသည်။

လိုဏ်ဂူငယ်မှတစ်ဆင့် ဘူးသီးတောင်ဘက်ဆက်လက်လာလျှင် မိုင်တိုင် အမှတ် (၇/၇)၌ လိုဏ်ဂူကြီးကို ဆက်လက်တွေ့ရသည်။ လိုဏ်ဂူကြီးသည် လိုဏ်ခေါင်းအရှည် ၆၅၈ ပေ၊ အချင်း ၁၅ ပေ ၆ လက်မနှင့် အမြင့် ၁၂ ပေ ၆ လက်မရှိပြီး သုံးပေအထူရှိ အုတ်သားများနှင့် တည်ဆောက် ထားခြင်းဖြစ်ကြောင်း သိရသည်။ လိုဏ်ဂူကြီး၏ထိပ်တွင် MARTIN & CO 1916-1918 ဟု ရေးသားထားသည့်စာတန်းကို မူရင်းအတိုင်း အထင် အရှားမြင်တွေ့ရသည်။

အဆိုပါမောင်တော-ဘူးသီးတောင်လမ်းကို အင်္ဂလိပ်တို့က ခြောက်နှစ်ကျော် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် အရှုံးပေါ်သည့်အတွက်ကြောင့် မီးရထား လမ်းကို ဖျက်သိမ်းပြီး ကားလမ်းအသွင်ဖြင့် ဆက်လက် အသုံးပြု ခဲ့ကြောင်း လေ့လာမှုအရ သိရသည်။

''အဲ့ဒီလမ်းကို ရထားလမ်းအဖြစ် ၁၉၁၈ ခုနှစ်ကစပြီး ၁၉၂၆ ခုနှစ် အထိ လောက်ပဲ အသုံးပြုခဲ့တယ်။ ဘာကြောင့် ဆက်လက် အသုံးမပြုလဲ ဆိုတော့ အလုပ် သမားတွေလာတဲ့အခါ တစ်ဖက်နိုင်ငံက လာရောက် အလုပ်လုပ်တဲ့ အလုပ်သမား တွေက ရထားမစီးကြတော့တဲ့ အတွက်ကြောင့်ဖြစ်တယ်။ ရထားစီးခက အဲ့ဒီ အချိန်တုန်းက ငါးပြားပေး ရတယ်လို့ သိရတယ်။ သူတို့က ငါးပြားပေးမစီးတဲ့ အတွက် နောက်ပိုင်း ကုမ္ပဏီက အရှုံးပေါ်သွားတယ်။ အရှုံးပေါ်တဲ့အတွက် ရထား လမ်းကို ဖျက်သိမ်းခဲ့ရတာလို့ သိရပါတယ်''ဟု ဦးဇော်မင်းက ဆက်လက် ရှင်းပြ သည်။

အဆိုပါရထားလမ်းသည် မောင်တောနယ်စပ် ကညင်ချောင်းစက်မှုဇုန်မှ စတင်ပြီး ဘူးသီးတောင်ဆိပ်ကမ်းအထိရောက်ကြောင်း၊ လက်ရှိ ဘူးသီးတောင် သင်္ဘောဆိပ်သည် ယခင်က မီးရထားဆိပ်ဖြစ်ခဲ့ကြောင်း သိရသည်။ မောင်တောမြို့၏ မြောက်ဘက်တွင် ရထားလမ်းအဖြစ် အသုံးပြုစဉ်က အင်္ဂလိပ်တို့ တည်ဆောက်ခဲ့ သည့် တံတားတစ်စင်း ကိုလည်း ယခုအထိ တွေ့နေရဆဲဖြစ်သည်။သို့သော် အဆိုပါတံတားသည် ၁၉၇၂ ခုနှစ်က မောင်တော၌ မိုင် ၁၂ဝ ရှိ မုန်တိုင်း တိုက်ဝင်ရောက် မှုကြောင့် ပြိုကျပျက်စီးသွားကာ ယခုအခါ အဆိုပါနေရာ၌ တံတားရေလည် တိုင်များနှင့် ကမ်းကပ်ခုံများသာ ကျန်ရှိနေသည်ကို တွေ့ရသည်။

''အလုပ်သမားတွေ အလုပ်လုပ်လာတဲ့အခါ သူတို့ဆီမှာ ရေကရားလို ဟာမျိုးတစ်ခုရယ်၊ အိုးတစ်အိုးရယ်၊ ပုဆိုးကို ဒူးလောက်တိုတို ဝတ်ထားကြပြီး အကျႌမပါဘဲလာတယ်။ ခြုံဖို့တော့ အထည်တစ်ခုပါတယ်။ အဲ့ဒီဟာနဲ့လာပြီး အလုပ်လုပ်သွားတယ်။ ဘူးသီးတောင်ရောက်ပြီဆိုရင် အလုပ်လုပ်ခိုင်းဖို့လိုတဲ့ အခါ အင်္ဂလိပ်တွေက စစ်တွေတို့၊ ကျောက်တော် တို့ကိုပို့တယ်။ အဲလိုမျိုးပို့ပြီး တော့ သွားတဲ့နေရာမှာ ဒီလမ်းက အဓိကပါပဲ'' ဟု ဦးဇော်မင်းက ပြောသည်။

အင်္ဂလိပ်-ဂျပန်စစ်ဖြစ်ပြီးချိန်တွင် လိုဏ်ဂူကြီးတွင် လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် လိုဏ်ဂူကြီး၏ မောင်တောဘက်ခြမ်း မှာ ပေ ၅ဝ ခန့် ပျက်စီးသွားခဲ့ပြီး အဆိုပါ အပျက်အစီးများကို မြန်မာ အစိုးရ လက်ထက် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်ပြင်ဆင် မွမ်းမံခဲ့ကြောင်း သိရ သည်။

မောင်တော-ဘူးသီးတောင်လမ်းကို လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ ခုနှစ် တွင် ကျောက်များခင်းပြီး ကားလမ်းအဖြစ်အသုံးပြုခဲ့ကြောင်း၊ ၁၉၆၈ ခုနှစ် တွင် ကတ္တရာလမ်းအဖြစ် ပြောင်းလဲခဲ့ကြောင်း၊ ယခင်ကျန်ခဲ့သည့် ရထား သံလမ်း ပေါင်များကိုလည်း ကားလမ်းတံတားအဖြစ်လွန်ခဲ့သည့် ၁ဝ နှစ် အထိ အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် အာစီကွန်ကရစ်တံတားအဖြစ် အစားထိုး လဲလှယ်တည်ဆောက် ခဲ့ကြောင်း သိရသည်။

ယခုအခါ မောင်တော-ဘူးသီးတောင်ကားလမ်းတွင် တစ်နေ့လျှင် မော်တော် ကားအစီးရေ ၄၅ဝ ကျော် ဖြတ်သန်းသွားလာနေပြီး ယာဉ်ကြော ပိတ်ဆို့မှု များ မဖြစ်ရန်၊ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်ကြီးယာဉ်ငယ်များပါ အလွယ် တကူသွားလာနိုင်ရန်အတွက် လိုဏ်ဂူကြီးရှောင်ကွင်းလမ်းကို လမ်းဦးစီးဌာနက ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး၂ဝ၁၃- ၂ဝ၁၄ ခုနှစ်မှာ လိုဏ်ဂူကြီး ရှောင်ကွင်း လမ်းပြီးစီးခဲ့ကြောင်း၊ အလားတူ လိုဏ်ဂူငယ်ရှောင်ကွင်းလမ်း ဖောက်လုပ်မှုလည်း ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ပြီးစီးခဲ့သောကြောင့် ယခုအခါ မောင်တော-ဘူးသီး တောင်လမ်းမှာ လမ်းကျယ်ပြီး မော်တော်ယာဉ်များ ကောင်းကောင်းမွန်မွန် သက်သောင့် သက်သာဖြင့် စိတ်ချမ်းမြေ့စွာသွားလာ လျက်ရှိကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်အစွန်ဆုံး နယ်စပ်မြို့တော်ဖြစ်သည့် ရခိုင် ပြည်နယ်မြောက်ပိုင်း မောင်တောမြို့သည် ပင်လယ်ကမ်းရိုးတန်း အလှများ၊ ထင်ရှားသည့် မေယုတောင်တန်းကြီးနှင့် စိမ်းလန်းသော သဘာဝတောတောင်များ၊ မြေဆီမြေသြဇာကောင်းသည့် လယ်ယာမြေများ၊ ဆန်ရေစပါး၊ သားငါးနှင့် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့်အပြင် သမိုင်းဝင်အထင်ကရနေရာ များရှိနေသည့် မြို့လေးတစ်မြို့ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

သတင်းဆောင်းပါး-တင်မောင်လွင်၊ ဓာတ်ပုံ-မောင်မွှေး

Credit - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။