အာဆီယံဘောလုံးအဖွဲ့ချုပ်ကကြီးမှူးကျင်းပလျက်ရှိသည့် ၂ဝ၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်(ပထမအကျော့) ပွဲစဉ်များကို ဒီဇင်ဘာလဆန် ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် လက်ရှိ ချန်ပီယံ ထိုင်းအသင်းနှင့်တွေ့ဆုံနေ သည်။ နှစ်ပေါင်းများစွာဝေး ကွာနေသည့် ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ သည့် မြန်မာ့ လက်ရွေးစင်အသင်းအပေါ် ပရိသတ်များ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပြီး ယင်းပွဲအတွက် ကြိုတင်လက်မှတ် များရောင်းချမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အုပ်စုပွဲစဉ်များတွင် ဆိုးသွမ်းပရိသတ် အချို့၏ အလွန်အကြူးအားပေးမှုများကိုထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိချန်ပီယံ ထိုင်း အသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း မလိုလားအပ်သည့် ပြဿနာ များမဖြစ်ပေါ်စေ ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းကာဆောင်ရွက် လျက်ရှိသည်။ လုံခြုံရေးအင်အားကို အုပ်စုပွဲစဉ်များထက် ပိုမို အသုံးပြုမည်ဖြစ်ပြီး အရက်သေစာသောက်သုံးထားသည့်ပရိသတ်များကို ကွင်းအတွင်း ဝင်ရောက် ကြည့်ရှုခွင့့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ယင်းပွဲအတွက်ကြိုတင်လက်မှတ်များကို ဒီဇင်ဘာ ၂ ရက်၊ ၃ရက်တွင် စတင် ရောင်းချ မည်ဖြစ်ပြီး အထူးတန်းကျပ် ငါးထောင်၊ ရိုးရိုးတန်ကျပ် သုံးထောင် သတ်မှတ်ထားသည်။ ကြိုတင်လက်မှတ်များကို သုဝဏ္ဏ ကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနှင့် မြန်မာပလာဇာတို့ ၌ ရောင်းချ မည်ဖြစ်ပြီး ပွဲကစားမည့်နေ့တွင်လည်း ထပ်မံရောင်းချမည်ဖြစ်သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ဆီမီးဖိုင်နယ်ပထမအကျော့ ပွဲစဉ်အတွက် လက်မှတ်များရောင်းချရာတွင် အဝေးကွင်းပရိသတ်များ ကိုလည်း ရောင်းချပေးရမည်ဖြစ်သည်။ နိုဝင်ဘာ ၁၉ ရက်မှ၂၆ ရက်အထိ ကျင်းပခဲ့သည့် ဆူဇူကီး ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များအပြီးတွင်မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ပွဲစဉ်များတွင် ပရိသတ်အားပေးမှုမြင့်မားခဲ့ပြီး မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲတွင် ပရိသတ် ၃၂ဝဝဝ ကျော်အထိ လာရောက်အားပေးခဲ့ သည်။ မြန်မာဘောလုံး ပရိသတ်များ၏ ဘောလုံးအားကစားအပေါ် အရူးအမူးအားပေး သူများဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်း၏ တစ်ကျော့ပြန်အောင်မြင်မှုကို စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပြီးတစ်ခဲနက် လာရောက်အားပေးဖွယ် ရှိနေသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆီမီးဖိုင်နယ်တွင် အာဆီယံထိပ်သီးထိုင်းအသင်းနှင့်ယှဉ်ပြိုင်ကစားရမည် ဖြစ်သော်လည်း အိမ်ကွင်း၊ အဝေးကွင်းယှဉ်ပြိုင်ကစား မည်ဖြစ်သောကြောင့် ကြောက်ရွံ့နေစရာ မလိုဘဲ ရဲရဲတင်းတင်းယှဉ်ပြိုင်ကာ ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေ သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ထိုင်းအသင်းနှင့်ယှဉ်ပါက အဆင့်တစ်ခု ကွာခြားနိုင်သော်လည်း အုပ်စုပွဲစဉ်များတွင် တစ်ပွဲထက် တစ်ပွဲ ကောင်းမွန်လာသည့် ခြေစွမ်း၊ မြန်မာကစားသမားများ၏ စိတ်ဓာတ်နှင့် ကြိုးစားမှုတို့ကြောင့် ဒီဇင်ဘာ ၄ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အိမ်ကွင်းပွဲတွင် ရလဒ်ကောင်း ရယူနိုင်ဖွယ်ရှိနေသည်။ ၂ဝ၁၆ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် တွင် မြန်မာနှင့် လက်ရှိချန်ပီယံထိုင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ် အသင်းတို့ တွေ့ဆုံလျက်ရှိသည်။

Ref., MOI

Photo - AFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။