မြန်မာနိုင်ငံရဲ့ နေရာအချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဘေးလွတ်ရာနေရာမှာ တိမ်းရှောင်နေကြတဲ့ ပြည်သူတွေလည်းရှိသလို စစ်ဘေးရှောင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ပြည်သူတွေလည်း အများအပြားရှိနေကြပါတယ်။ မိုးတွေမကြာခဏ ရွာသွန်းနေတဲ့ မိုးတွင်းကာလကြီးမှာ စစ်ဘေးရှောင်နေရတာကြောင့် စစ်ဘေးရှောင်တွေဟာ အမိုးအကာတွေ၊ ဖျားနာရင် သောက်ဖို့အတွက် ဆေးဝါးပစ္စည်းတွေ လိုအပ်နေကြပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) KNU/KNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘောရပ်ခပ်ရွာက ဒေသခံပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။(၂၄.၀၉.၂၀၂၁)နေ့က စတင်ပြီး ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ စစ်ဘေးရှောင်နေခဲ့တာပဲ ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူဦးရေ (၁၅၀)ကျော် ရှိကြောင်း သိရှိရပါတယ်။ ထွက်ပြေးတိမ်းရှောင်လာတဲ့ အဆိုပါစစ်ဘေးရှောင်ပြည်သူတွေထဲ ကလေးငယ်(၄၀)ကျော် ပါဝင်ကြောင်း သိရှိရပါတယ်။
ယခုမှာတော့ စစ်ဘေးရှောင်ကလေးငယ်(၃၀)ကျော်ဟာ မိုးမိပြီး တောထဲတစ်နေရာမှာ ဖျားနာနေကြကာ ဆေးဝါးမရှိတာကြောင့် ဒုက္ခရောက်နေကြပါတယ်။ အဆိုပါစစ်ဘေးရှောင်ကလေးငယ်လေးတွေဟာ အရေးပေါ်ဆေးဝါးနဲ့ အခြေခံစားစရာတွေ အရေးပေါ်လိုအပ်လျက်ရှိနေကြကြောင်း သိရှိရပါတယ်။ တောထဲတစ်နေရာမှာ အဆင်ပြေသလို နေထိုင်စားသောက်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Original Uploder