ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာလည်း စမ်းချောင်းမြို့နယ်အတွင်းမှာ မနက်ပိုင်းထဲက ဆန္ဒထုတ်ဖော်ဖို့အတွက် ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။
ကျွန်းတောလမ်းမပေါ်မှာဆိုရင်လည်း အကာအရံ တံတိုင်းတွေကို အရင်ကထက်ပိုပြီး တောင့်တင်းအောင် ပြုလုပ်ထားတာကို တွေ့ရပါတယ်။
ဒါပေမယ့် မနက် ဆယ်နာရီ ကျော်ကျော်လောက်မှာတော့ ကျွန်းတောလမ်းပေါ်ကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာခဲ့ပြီး ပြည်သူတွေ ကာရံထားတဲ့ သဲအိတ်တွေကို ဖျက်ဆီးမှုတွေ ရှိနေပါတယ်။
အဲ့အချိန်လောက်ကစပီး ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ပြည်သူတွေဟာ စကားအခြေအတင်များမှုတွေ ရှိခဲ့ပြီး ပြည်သူအချို့ကလည်း ရဲတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ နေရာရဲ့ မလှမ်းမကမ်းကနေ ကြွေးကြော်သံတွေ ဟစ်ကြွေးနေတာကို တွေ့ရပါတယ်။
ကျွန်းတောလမ်းမပေါ်မှာရှိနေတဲ့ ရဲတပ်ဖွဲ့အင်အားကတော့ အယောက် ၂၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။
စမ်းချောင်းမြို့နယ်အတွင်းက နေရာအချို့မှာလည်း ဒီကနေ့ မနက်ပိုင်းက ပြည်သူအချို့ကို ခေါ်ယူပြီး လမ်းမှာကာရံထားတဲ့ သဲအိတ်တွေကို ဖယ်ခိုင်းမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။